
ဧဝရတ်တောင်မှာ သောင်တင်ပိတ်မိနေတဲ့ တောင်တက်သမားတွေကို ကယ်ထုတ်ဖို့အတွက် အခြေစိုက်စခန်း အနီးရှိ လိုဘုချ်တောင်ကို ပျံသန်းလာတဲ့ ပုဂ္ဂလိက ရဟတ်ယာဉ်ငယ်တစင်းဟာ ဆင်းသက်ဖို့ ကြိုးစားခဲ့ချိန်မှာ အောက်တိုဘာ ၂၉ ရက်က ပျက်ကျသွားခဲ့တယ်လို့ နီပေါနိုင်ငံ အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂယာနန်းဒရာ ဘူးရ်က ပြောပါတယ်။
နီပေါနိုင်ငံ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့က ရိုက်ကူးထားတဲ့ ဗီဒီယိုကို အောက်တိုဘာ ၂၉ ရက်က တရားဝင်ထုတ်ပြန်ချက်နဲ့ အတည်ပြုခဲ့ပါတယ်။
ဗီဒီယိုမှာတော့ ရဟတ်ယာဉ်ဟာ ဆင်းသက်ချိန် နှင်းပေါ်မှာ ချော်ပြီး ဘေးတစောင်း လဲကျနေတာကို ပြသထားပါတယ်။
လေယာဉ်မှူး အသက်ရှင်ကျန်ရစ်ခဲ့ပြီး သူ့ကို နောက်ပိုင်းမှာ ကယ်ဆယ်ခဲ့ရပါတယ်။ တောင်တက်သမားတွေကို ကယ်ဆယ်နိုင်ခဲ့ခြင်း ရှိ၊ မရှိကိုတော့ သေချာမသိရသေးပါဘူး။
ဆိုင်ကလုန်းလေပြင်းတွေကနေ တိုက်ခတ်သယ်ဆောင်လာတဲ့ နှင်းတွေ ထူထူထပ်ထပ် ကျဆင်းမှုကြောင့် ဧဝရတ်တောင်တန်းဒေသရှိ နီပေါနဲ့ တရုတ်ဘက်ခြမ်းတို့ဟာ ဗုဒ္ဓဟူးနေ့မှာ ခရီးသွားလုပ်ငန်းကို ပိတ်ထားခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော်က ဆိုင်ကလုန်းမုန်တိုင်းတခုဟာ အိန္ဒိယနိုင်ငံတဝန်းကို တိုက်ခတ်သွားတာကြောင့် အောက်တိုဘာ ၂၇ ရက်ကတည်းက ထောင်ပေါင်းများစွာသော တောင်တက် အားကစားသမားတွေနဲ့ တောင်တက် လမ်းလျှောက်ခရီးသွားတွေ လာရောက်လေ့ရှိကြတဲ့ ဧဝရတ်တောင်မှာ နှင်းတွေဖုံးလွှမ်းနေခဲ့ပြီး အခုလအတွင်း ဟိမဝန္တာတောင်တန်းမှာ ဒုတိယအကြိမ်မြောက် ပြင်းပြင်းထန်ထန် နှင်းကျမှုလည်း ဖြစ်ပါတယ်။
မြေနိမ့်ပိုင်းမှာ မိုးရွာသွန်းမှုနဲ့ မြင့်မားတဲ့ လမ်းကြောင်းတွေမှာ နှင်းတွေ ထူထူထပ်ထပ် ကျဆင်းမှုကြောင့် နီပေါနိုင်ငံရှိ အာဏာပိုင်တွေဟာ တောင်တက်လမ်းကြောင်းများစွာမှာ တောင်တက်တာကို ရပ်ဆိုင်းထားပါတယ်။
ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွေထဲက တချို့တောင်ထိပ်တွေ တည်ရှိရာ အန်နာပူရ်နာ၊ မနာစလူနဲ့ ဒေါင်းလာဂီရိ ဒေသတွေမှာ စွန့်စားခရီးထွက်ခြင်း သို့မဟုတ် တောင်တက်ခရီးစဉ်တွေကို မလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
Source: Reuters










