
ကရင်နီပြည်နယ်၊ ဒီးမော့ဆို့မြို့နယ်အနောက်ဘက်ခြမ်းက ခေါက်ပလော့ကျေးရွာထဲက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က အောက်တိုဘာလ ၃၀ ရက်က ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက် ညနေဘက်မှာ စစ်ကောင်စီတပ်က နေအိမ်တွေမီးရှို့ဖျက်ဆီးနေတာကြောင့် နေအိမ် ၄ လုံးခန့် မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မီးရှို့တယ်လေ၊ ခန့်မှန်းခြေ ၃ ၊ ၄ လုံးလောင်တယ်၊ ဒရုန်းနဲ့ ကြည့်ရတာရော။ ခုတော့ မလောင်ဘူး။ သူတို့ စစ်ကြောင်းထိုးတာက လ ချီကြာပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတချို့ကို စစ်ကြောင်းထိုးနေတာ ၃ လကျော်ရှိနေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၅ ရက် ညနေပိုင်းမှာ ဒီးမော့ဆိုအနောက်ခြမ်း၊ ဆိုဘောသဲရွာအနီးကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စပါးရိတ်သိမ်းနေတဲ့ အသက် ၄၀ အရွယ်အမျိုးသား ၁ ယောက်သေဆုံးခဲ့ရပါတယ်။










