
ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၂ ယောက် ဒဏ်ရာရတယ်လို့ စစ်ရှောင်အမျိုးသားတယောက်က အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။
အောက်တိုဘာ ၁ဝ ရက် ည ၁၀ နာရီဝန်းကျင်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းက စစ်ဘေးရှောင် ပြည်သူတွေရှိရာ ကျေးရွာကို ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် ၂ ယောက်နဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်အမျိုးသားတယောက်က “ဒရုန်းနဲ့ ကျေးရွာတခုထဲကို ဝင်တိုက်တာပေါ့နော်။ ၁၀ နာရီဆိုတော့ ဒရုန်းမီးအလင်း မြင်ရလား မမြင်ရလား မပြောတတ်ဘူး။ သက်ကြီးရွယ်အို အမျိုးသမီး တယောက်နဲ့ လူလတ်ပိုင်း အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရတယ်။ အိမ်ပျက်စီးတာတချို့ ရှိတယ်” လို့ ပြောပါတယ်။
စစ်တပ်က ရက်ပိုင်းအတွင်း ဒီးမော့ဆိုမြို့နယ်နဲ့ မိုးဗြဲမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၄ ရက်ကလည်း ဒီးမော့ဆိုအနောက်ခြမ်းကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် တယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
စက်တင်ဘာလထဲမှာလည်း စစ်အာဏာရှင်တပ်ကြောင့် ကရင်နီက ပြည်သူ ၁၅ ယောက် သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က အောက်တိုဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။











