DVB Logo
Home
မြန်မာသတင်း
တလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၈ ခု ရပ်နား
DVB
·
October 31, 2025
တလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၈ ခု ရပ်နား
Donate to DVB

အောက်တိုဘာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၈ ခု လုပ်ငန်းရပ်နားသွားတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်မှာ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းအရ အကျိုးဆောင်လိုင်စင် ရယူထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၈၉ ခု ရှိတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာ အေဂျင်စီ ၆၀၇ ခုရှိတာဖြစ်လို့ တလအတွင်း အေဂျင်စီ ၁၈ ခုနဲ့ စက်တင်ဘာလကထက် အေဂျင်စီ ၂၁ ခု လျော့ကျသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ပြည်ပကို အလုပ်သမားစေလွှတ်တာကို ကန့်သတ်ထိန်းချုပ်တာတွေ လုပ်လာပြီး နောက်မှာ လုပ်ငန်းရပ်နားရတဲ့ အခြေအနေတွေ ဖြစ်လာရတာလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ထိန်းချုပ်ကန့်သတ်မှုတွေနဲ့ လုပ်ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ဆက်တောင့်မခံနိုင်တော့တဲ့ သူတွေကတော့ နားလိုက်တယ်။ ကျန်နေတဲ့သူတွေက အခြေအနေကောင်းလို့ မဟုတ်ဘူး။ ပြန်ကောင်းလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ တင်းခံထားကြတာ။”

ပြည်ပကို အလုပ်သမား လွတ်လွတ်လပ်လပ် လွှတ်မရတော့သလို စေလွှတ်ရေးနဲ့ပတ်သက်လို့ မူဝါဒ မတည်ငြိမ်ဘဲ တင်းကျပ်တာတွေ များလာတာကြောင့် ဆက်လုပ်ဖို့ စိတ်ပျက်နေကြပြီး ရပ်နားမယ့် အေဂျင်စီတွေ ထပ်ရှိနေသေးတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းဆီက သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်ပဲ ရှိတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးအခြေအနေနဲ့ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာတာကြောင့် ပြည်ပထွက်ချင်သူ များပြားတာနဲ့အမျှ ပြည်ပအလုပ်အကိုင် အေဂျင်စီ အရေအတွက်လည်း တရှိန်ထိုး မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက အခုနှစ် မတ်လကစပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်လိုက်ပြီး အေဂျင်စီတခုချင်းအလိုက် စေလွှတ်ရမဲ့ လုပ်သားဦးရေကို ကန့်သတ်ထိန်းချုပ်လိုက်တဲ့နောက် အဆင်မပြေမှုတွေ ရှိလာတာလို့ အဲဒီလုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

ဒါ့အပြင် လစဥ် စေလွှတ်လုပ်သားဦးရေ စာရင်းနဲ့ စေလွှတ်ခဲ့တဲ့ အလုပ်သမားက မိသားစုဆီ တရားဝင် ငွေလွှဲအောင် တာဝန်ယူခိုင်းသလို ငွေလွှဲအထောက်အထား ပြုစုပေးပို့ဖို့ကိုပါ စစ်ကောင်စီက အေဂျင်စီတွေကို ဖိအားပေး လုပ်ခိုင်းတာတွေပါ ရှိနေတာလို့ သူတို့က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013