
ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) နဲ့ အထူးသီးသန့်စာမေးပွဲ (SCBT) အောင်မြင်ထားသူတွေထဲက အလုပ်လျှောက်လွှာသက်တမ်း ကျန်ပြီး သွားရောက်လုပ်ကိုင်ဖို့ ဆန္ဒမရှိတော့ရင် ပယ်ဖျက်ကြောင်း တင်ပြဖို့ စစ်အာဏာရှင်လက်အောက်ရှိ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) က အသိပေးထားပါတယ်။
အလုပ်လျှောက်လွှာသက်တမ်း ကျန်သူတွေ အလုပ်ရှင်နဲ့ မိတ်ဆက်တာ၊ တခြားလုပ်ငန်းစဥ်တွေ ဆောင်ရွက်တဲ့အခါ အလုပ်ရှာသူတွေ အခွင့်အလမ်း မလျော့နည်းအောင်နဲ့ မလိုအပ်ဘဲ မနှောင့်နှေးရအောင် သွားဖို့ဆန္ဒမရှိတော့ရင် မသွားလိုတော့တဲ့ အကြောင်းအရင်း ဖော်ပြပြီး အကြောင်းကြားဖို့ စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။
ကိုရီးယားအလုပ်ရှင် ကိုယ်စားပြုဖြစ်တဲ့ HRD-Korea က တခြားသွားရောက်လိုသူတွေ အခွင့်အလမ်း ပိုရအောင် အခုလို စီစဥ်ခိုင်းတာဖြစ်ပြီး စက်တင်ဘာ ၂၉ ရက် နောက်ဆုံးထား တင်ပြဖို့ POEA က ဆိုပါတယ်။
EPS-TOPIK စာမေးပွဲအောင်ထားပြီး သွားခွင့်စောင့်နေသူတယောက်က “တော်ရုံ မသွားတော့ဘူးဆိုတဲ့သူ ရှားပါတယ်။ စောင့်နေရင်းနဲ့ စစ်မှုထမ်းထဲ ပါသွားတာမျိုးလောက်ပဲရှိမှာ။ အကုန်က ထွက်ချင်လွန်းလို့ စောင့်နေကြတာ” လို့ ပြောပါတယ်။
အလုပ်လျှောက်လွှာပယ်ဖျက်တဲ့ စာရင်းပေးပြီးရင် နောက်ထပ် ပြန်လျှောက်ခွင့် မရှိပေမဲ့ နောက်ကျင်းပမဲ့ စာမေးပွဲတွေမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီရင် ဖြေဆိုခွင့်ရမယ်လို့ POEA က ဆိုပါတယ်။
လက်ရှိမှာ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) နဲ့ အထူးသီးသန့်စာမေးပွဲ (SCBT) အောင်ထားပြီး အလုပ်ခေါ်စာစောင့်နေရသူ ထောင်ချီရှိနေတာလို့ အလုပ်သမားတွေဆီက သိရပါတယ်။











