
ဂျပန်နိုင်ငံကနေ စနစ်အသစ်နဲ့ အလုပ်သမား ခေါ်ယူရန်အတွက် မြန်မာ အလုပ်အကိုင်အေဂျင်စီ ၂၆၀ ကျော်ကို သဘောတူ ခွင့်ပြုလိုက်တယ်လို့ အဆိုပါ လုပ်ငန်းအသိုက်အဝန်းကနေ သိရပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ပုံမှန် အလုပ်သမား ခေါ်ယူတာအပြင် လေ့ကျင့်မှုနဲ့ အလုပ်အကိုင် အစီအစဉ် (Training and Employment System - ESD) အရ နိုင်ငံခြားသားလုပ်သား ခေါ်ယူတဲ့ စနစ်သစ်ကို ထပ်မံတိုးချဲ့သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
အဆိုပါ စနစ်သစ်နဲ့ ခေါ်ယူမဲ့ နိုင်ငံတွေထဲမှာ မြန်မာလုပ်သားတွေလည်း ပါဝင်ပြီး စေလွှတ်ဖို့ လက်ခံထားတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေရဲ့ စာရင်းကို ဂျပန်နိုင်ငံ အလုပ်သမားရေးရာဌာနက အခုရက်ပိုင်းအတွင်း အသိပေး ထုတ်ပြန်ခဲ့တာလို့ ခွင့်ပြုစာရင်းမှာ ပါဝင်တဲ့ အေဂျင်စီတခုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“လက်တွဲလုပ်ဖို့ သဘောတူညီမှု ရရှိတဲ့ သဘောမျိုးပါ။ ခေါ်ယူရေးနဲ့ စေလွှတ်ရေးနဲ့ ပတ်သက်လို့ကတော့ ဆက်ပြီး လေ့လာရဦးမယ်။ ချိတ်ဆက်ရမှာတွေလည်း ကျန်ပါသေးတယ်။”
ESD စနစ်ဟာ အလုပ်သမား ရှားပါးတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားသား လုပ်သားတွေကို အလုပ်အကိုင် နေရာပေးပြီး ကျွမ်းကျင်မှု လေ့ကျင့်ပေးတဲ့ နည်းလမ်းဖြစ်ကာ ၃ နှစ်အထိ နေထိုင် လုပ်ကိုင်ခွင့် ရရှိမှာဖြစ်တယ်လို့ ဂျပန်အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
အဆိုပါ စနစ်သစ်နဲ့ လုပ်သား စေလွှတ်နိုင်ဖို့အတွက် လက်ရှိ ပို့ဆောင်ပေးနေတဲ့ အေဂျင်စီ အများစုကို ဂျပန်ဘက်က ခွင့်ပြုပေးလိုက်တာဖြစ်ပြီး လုပ်ငန်းကဏ္ဍအလိုက် ခေါ်ယူတဲ့ ခွဲတမ်း လျာထားအရေအတွက်ကိုမူ တရားဝင် အသိပေး ထုတ်ပြန်ခြင်း မရှိသေးကြောင်း အေဂျင်စီ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“သူတို့ စနစ်သစ်နဲ့ လုပ်သားခေါ်ယူတာ စတင်တဲ့အချိန်ကျရင် ဒီက စေလွှတ်ရေး မူဝါဒတွေကို ပြောင်းလဲ၊ ဖြေလျှော့ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။”
ဒီစနစ်အသစ်အတွက် ဂျပန်ဘာသာ အရည်အချင်းစစ်ဆေးမှု N5 သို့မဟုတ် JFT-Basic အောင်မြင်ထားဖို့ လိုအပ်မှာဖြစ်ပြီး စနစ်ရဲ့ အားသာချက်မှာ လုပ်သက် ၁ နှစ်ပြည့်ပါက အလုပ်ရှင် သို့မဟုတ် ကုမ္ပဏီ ပြောင်းရွှေ့ လုပ်ကိုင်ခွင့် ရရှိတာနဲ့ ဂျပန်နိုင်ငံသားတွေနဲ့ တန်းတူ လုပ်ခလစာနဲ့ အကျိုးခံစားခွင့်တွေ ရရှိစေမှာ ဖြစ်ပါတယ်။
ESD စနစ်နဲ့ လုပ်သား ခေါ်ယူတာကို လာမဲ့နှစ် ဧပြီလမှစတင် လုပ်ဆောင်မှာ ဖြစ်ပေမဲ့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို အဆင့်ဆင့် လုပ်ဆောင်နေတာလို့ ဂျပန်အစိုးရက ထုတ်ပြန်ထားပါတယ်။
Photo: DVB











