DVB Logo
Home
မြန်မာသတင်း
မိုးမိတ်နှင့်မိုးကုတ်ကို လက်လွှတ်ပြီး အပစ်ရပ်ရေး ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရဟု TNLA ပြော
DVB
·
October 30, 2025
မိုးမိတ်နှင့်မိုးကုတ်ကို လက်လွှတ်ပြီး အပစ်ရပ်ရေး ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရဟု TNLA ပြော
Donate to DVB

တရုတ်ရဲ့ ဖိအားအပြင် လူထုရဲ့ အသက်အိုးအိမ်ကို ငဲ့ညှာတဲ့အနေနဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ကို လက်လွှတ်ပြီး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး  ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စကတည်းက တရုတ် ဖိအားကို ရင်ဆိုင်နေရသလို အောက်တိုဘာ ၂ ရက်ကစပြီး TNLA ထိန်းချုပ် မြို့၊ ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နေ့စဉ် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရေးအရ ဖိအားပေးနေခဲ့တာပါ။

အဲဒီ အခြေနေတွေကြောင့် မိုးမိတ်နဲ့ မိုးကုတ်ကို လက်လွှတ်ပြီ အပစ်ရပ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DVB ကို ပြောပါတယ်။

“အကြောင်းအရာတွေက မျိုးစုံပါပါတယ်။ ဖိအားတွေလည်း ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီက မြေပြင်မှာလည်း ထိုးစစ်ဆင်လုပ်တယ်။ တအာင်း ဒေသကို နေ့စဉ်နဲ့ အမျှ ဗုံးကြဲတိုက်ခိုက်တယ်။ လောလောဆယ် ဒီလိုမျိုး အပစ်ရပ်ဖို့ တပ်ဆုတ်တယ် ဆိုတာကလည်း လူထုရဲ့ အကျိုးကို ငဲ့ညှာပြီးတော့ ဆောင်ရွက်တာ ဖြစ်တယ်။ ဒီလိုမျိုး မြို့တွေ ပြန်လွှဲပေးလိုက်ရတာ ကျမတို့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ သို့ပေမဲ့လည်း လက်ရှိ အခြေနေနဲ့ ပြန်ယှဉ်ကြည့်ရင် ဒါကတော့ ကျမတို့ လုပ်‌‌ဆောင်ရမဲ့ အပိုင်းတွေ ဖြစ်တယ်။”

လက်ရှိမှာ TNLA တပ်ဖွဲ့ဝင်တွေအနေနဲ့ မြို့အပြင်ဘက်ကို တဖြည်းဖြည်း ဆုတ်ခွာနေပြီး ဘယ်နှရက်အတွင်း ဆုတ်ခွာမယ်ဆိုတာ ရက်အတိကျ သတ်မှတ်ထားတာ မရှိသလို ဘယ်လိုပုံစံမျိုး ဆုတ်ခွာမယ်ဆိုတာကို လတ်တလော အတိကျ မပြောနိုင်သေးဘူးလို့ လွေးယေဦးက ပြောပါတယ်။

အောက်တိုဘာလထဲ TNLA ထိန်းချုပ်ဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ အပြင်းထန် တိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ သေဆုံးခဲ့ကာ ၈၀ ကျော် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရ TNLA အနေနဲ့ မိုးကုတ်မြို့ကနေ ဆုတ်ခွာဖို့ ရှိနေပေမဲ့ မြို့ကို စစ်ကောင်စီ လက်ထဲ အလွယ်တကူ ပါမသွားဖို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက အစွမ်းကုန် ကာကွယ်သွားမယ်လို့ မိုးကုတ် ပကဖ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

“TNLA အနေနဲ့ ဆုတ်ခွာဖို့ ကြေညာပြီးမှာတော့ ကျနော်တို့ အနေနဲ့က ဒေသတွင်းမှာ ရှိနေတဲ့ ကာကွယ်ရေးအဖွဲ့တွေ PDF အဖွဲ့တွေ အကုန်လုံး ညှိနှိုင်းတိုင်ပင် ဆွေးနွေးနေကြတယ်။ ကျနော်တို့ အနေနဲ့က ကိုယ့်မြို့၊ ကိုယ့်ရွာကို စစ်ကော်စီ လက်ထဲ ပြန်လည်ကျရောက်မသွားအောင် ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ဖို့ အများကြီး ပြင်ဆင် ဆောင်ရွက်နေတာ ရှိပါတယ်။ လားရှိုးကို MNDAA စစ်ကောင်စီလက်ထဲ ပြန်ထည့်သလိုမျိုး လုံခြုံရေးအစောင့်ရှောက်နဲ့ပဲလာမလား သူတို့က (TNLA) မြို့ကို ဒီအတိုင်းပဲ ဆုတ်ခွာသွားမလာ။ ဆုတ်ခွာသွားမဲ့ ပုံစံအနေထားကို အတိကျ မသိရသေးဘူး။ မသိရသေးတော့ မြို့ကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ အပိုင်းကို စဉ်းစားနေရတုန်းပါ။”

မိုးမိတ်မြို့ အပါဝင် မိုးကုတ်မြို့ကနေ TNLA ဆုတ်ခွာတော့မဲ့ အကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကြိုတင် အသိပေးခဲ့တာ မရှိဘဲ ထုတ်ပြန်ချက်ထုတ်မှ ရုတ်တရက် သိခဲ့ရတာကြောင့် မြို့ကို ကာကွယ်မဲ့ အစီမံတွေကို ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေကြား ဆွေးနွေးအဖြေရှာနေဆဲပဲလို့ မိုးကုတ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ TNLA နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး မြို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို TNLA က ဦးဆောင်ကာ မြို့ရဲ့ ကာကွယ်ရေးအပိုင်းမှာတော့ TNLA နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်တာပါ။

မိုးကုတ်မြို့ ဒေသခံတယောက်ကတော့ TNLA ဆုတ်ခွာသွားမဲ့ နေရာမှာ NUG အနေနဲ့ ဝင်ရောက်ပြီး တာဝန်မယူနိုင်တဲ့ အပေါ် အားမလိုအားမရဖြစ်တယ်လို့ DVB ကို ပြောပါတယ်။

“NUG အနေနဲ့ အစိုးရတရပ် အနေနဲ့ ပီပီပြင်ပြင် ရုပ်လုံးပေါ်အောင် ဆောင်ရွက်နိုင်တာမျိုး အခုချိန်အထိ မတွေ့ရသေးဘူး။ လက်ရှိ အနေထားမျိုးတွေမှာ EAOs တွေ အလွယ်တကူ စွန့်လိုက်တဲ့ မြို့တွေမှာ NUG အနေနဲ့ ဝင်ရောက်ပြီ နေရာမယူနိုင်ဘူးလား၊ ကာကွယ်ရေးအဖွဲ့တွေ MOD လက်အောက်ခံ တော်လှန်ရေးတပ်တွေ အရမ်းများတဲ့ ဒေသမှာ သူတို့ ဘာကိုငဲ့နေတာလဲ။ စာလေးတကြောင်း ထုတ်ပြန်ချက် တစောင်တောင် မထုတ်ပြန်ထားနိုင်တဲ့ NUG အပေါ်မှာ မိုးကုတ်မြို့ခံတွေကတော့ အားမလို အားမရဖြစ်တယ်။”

မိုးကုတ်မြို့ကို TNLA အနေနဲ့ အလွယ်တကူ စွန့်လွတ်လိုက်တဲ့ အပေါ်မှာ မြို့ခံတွေ စိတ်မကောင်း ဖြစ်မိသလို စစ်ကောင်စီ ပြန်လည်ထိန်းချုပ် အုပ်ချုပ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်မှာ အပစ်ရပ်လိုက်ပြီးနောက် ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ဒေသတွေကို စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က DVB ကို ပြောပါတယ်။

“ရှမ်းပြည်မြောက်ပိုင်း တပိုင်းလုံးမှာ ယာယီအားဖြင့် လုံးဝအပစ်ရပ်သွားပြီပေါ့။ စစ်တပ်အတွက်လည်း နည်းနည်း အသက်ရှူ‌ချောင်သွားပြီပေါ့။ ဆက်စပ်နယ်မြေတွေ ဖြစ်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးနဲ့အတူ ပါလာတဲ့ မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး ဒီနယ်မြေတွေရယ် ပြီးရင် ရခိုင်တောင်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်၊ တွန်းဇန်၊ ဖလမ်းပေါ့ သူတို့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ နေရာတွေပေါ့။ ဒီနေရာတွေကို စစ်တပ်အနေနဲ စစ်အင်အား ပိုပြီး ကစားလို့ရတဲ့ အနေထားမျိုး ဖြစ်သွားတာပေါ့။”

မန္တလေး အထက်ပိုင်း သပိကျင်း၊ စဉ့်ကူး၊ မတ္တရာဘက်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင် စစ်ရေးလှုပ်ရှားမှုတွေကို ပုံမှန်ထက်ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်လာနိုင်ပြီး ဒီအခြေနေကို တော်လှန်ရေးတပ်တွေ ဟန့်တားနိုင်ဖို့အတွက် ရေရှည်မှာ ခဲယမ်း မီးကျောက်က အဓိက စကားပြောလိမ့်မယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

မန္တလေး စစ်မျက်နှာက TNLA အပစ်ရပ်ပြီး တပ်ဆုတ်ခွားမယ်လို့ မနေ့က ထုတ်ပြန်ပြီးနောက် MDY-PDF၊ မိုးကုတ်ဗျူဟာ၊ မိုးကုတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်ဒေသတွေကို အစွမ်းကုန် ကာကွယ်သွားမယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်းမြောက်နဲ့ မန္တလေးအပါအဝင် နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက စစ်ရေးအရ ခြမ်းခြောက်နိုင်တဲ့အထိ အသာစီးရကာ နယ်မြေတွေ ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

ဒါပေမဲ့ တရုတ်ရဲ့ ဖိအားကြောင့် ရှမ်းမြောက်မှာ ကိုးကန့်တပ် MNDAA က ဒီနှစ်အစောပိုင်းမှာ အပစ်ရပ်လိုက်ရပြီး လားရှိုးမြို့ကိုပါ စစ်ကောင်စီလက်ထဲ အလွယ်တကူ လက်လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013