DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းက မဲစာရင်းကို မှန်စေသည်ဟု စစ်ခေါင်းဆောင်ပြောဆိုချက်အပေါ် ဝေဖန်
DVB
·
October 30, 2025
သန်းခေါင်စာရင်းက မဲစာရင်းကို မှန်စေသည်ဟု စစ်ခေါင်းဆောင်ပြောဆိုချက်အပေါ် ဝေဖန်
Donate to DVB

အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြီး ကောက်ယူခဲ့တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာကို တနှစ်ကျော်အကြာမှာ ထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ဖို့ လုပ်တဲ့အခါမှာ ဒီ သန်းခေါင်စာရင်းက ထွက်လာတဲ့ လူဦးရေကိန်းဂဏန်း အချက်အလက်တွေက အထောက်အကူပြုတယ်လို့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က ဒီလိုပြောဆိုခဲ့ပေမဲ့ ဒီသန်းခေါင်စာရင်းက ထွက်လာတဲ့ လူဦးရေးကိန်းဂဏန်း အချက်အလက်တွေမှာ ခန့်မှန်းလူဦးရေတွေ ပါဝင်နေပြီး သန်းခေါင်စာရင်းကောက်တုန်းက တချို့နေရာတွေမှာ ဟန်ပြလောက်ပဲ ကောက်ခဲ့တာတွေ ရှိတာကြောင့် ဘယ်လိုမှ မှန်ကန်မှုရှိမှာ မဟုတ်ဘူးလို့ အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ဆိုပါတယ်။

“စစ်ကော်မရှင်က သန်းခေါင်စာရင်းတွေ လိုက်ကောက်တယ် ဆိုတဲ့ဟာက ဟန်ပြပုံစံမျိုး လိုက်ကောက်တဲ့ရပ်ကွက်မှာ တချို့ကောက်တဲ့ဟာ ရှိတာပေါ့နော်။ ကျန်တဲ့ဟာကတော့ အရင်က စာရင်းဇယားဟောင်းတွေကိုပဲ ပြန်ပြီးတော့မှ ကိုးကားတယ်လို့ ကျနော်တို့ သိထားရတယ်ဆိုတော့ အထူးသဖြင့် ကျနော်တို့နဲ့နီးစပ်တဲ့ ချင်းပြည်မှာဆိုရင် တအိမ်တက် တအိမ်ဆင်း ကောက်တာမျိုး မရှိဘူး။ တချို့နေရာမှာ ကောက်သလိုလိုမျိုး ဟန်ပြတယ်၊ အဲ့နေရာမှာ ကောက်တဲ့ဟာမျိုး ဆိုရင်လည်း တော်လှန်ရေးအင်အားစုတွေက သတိပေးတဲ့အခါကျတော့ ကောင်းကောင်းမွန်မွန် မကောက်နိုင်တဲ့ဟာတွေ ရှိခဲ့တာပေါ့နော်။ ဒါပေမဲ့ စာရင်းထွက်လာတော့လည်း ကောက်သလိုလိုမျိုးနဲ့ စာရင်းကို ကောက်ထုတ်လိုက်တာမျိုး ဖြစ်နေတဲ့အခါကျတော့ သူတို့ စာရင်းကောက်ခံမှုနဲ့ ပတ်သက်ရင်တော့ ဘယ်တော့မှ မှန်ကန်မှုရှိမှာ မဟုတ်ဘူး ဆိုတာကတော့ ထင်သာမြင်သာရှိတယ်။”

မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲ သန်းခေါင်စာရင်း အပြည့်အဝ ကောက်ယူနိုင်ခဲ့တာက ၁၅၂ မြို့နယ်ပဲ ရှိပါတယ်။

တစိတ်တပိုင်းကောက်နိုင်တဲ့ မြို့နယ်က ၁၂၀ ရှိပြီး လုံးဝမကောက်နိုင်တဲ့ မြို့နယ်ကတော့ ၅၈ မြို့နယ် ရှိပါတယ်။

ဒါပေမဲ့ အခုအစီရင်ခံစာနဲ့ အရင်ထုတ်ပြန်ခဲ့တဲ့ ရှေ့ပြေးအစီရင်ခံစာရဲ့ နောက်ဆက်တွဲ ဇယားပါ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ အပြည့်အဝကောက်နိုင်တဲ့ မြို့နယ်က ၁၄၅ မြို့နယ်၊ တစိတ်တပိုင်းကောက်နိုင်တဲ့ မြို့နယ်က ၁၂၃ မြို့နယ်နဲ့ လုံးဝမကောက်နိုင်တဲ့ မြို့နယ်က ၆၂ မြို့နယ် ရှိနေတာကို တွေ့ရပါတယ်။

ပြည်လုံးကျွတ် မကောက်ယူနိုင်တာကြောင့် လူဦးရေစာရင်းကို ထုတ်ပြန်ရာမှာ ခန့်မှန်းချက်တွေ ပါဝင်လာရပြီး လူဦးရေ သန်း ၂၀ နီးပါးဟာ ခန့်မှန်းလူဦးရေတွေ ဖြစ်လာပါတယ်။

အဲဒီလို လိုအပ်ချက်တွေရှိခဲ့တဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို အခြေခံတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ မဲစာရင်းကရော စစ်ခေါင်းဆောင်ပြောသလို ပြည့်စုံမှန်ကန်နေပါရဲ့လား။

ပြီးခဲ့တဲ့လပိုင်းကမှ စစ်တပ်ကျောထောက်နောက်ခံ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက လူသိများတဲ့ ကိုယ်စားလှယ်တယောက်ဖြစ်တဲ့ ဘူးလက်လှဆွေ ကိုယ်တိုင် မဲစာရင်းမှားတဲ့ကိစ္စ ဝေဖန်ခဲ့ပါသေးတယ်။

ဒါ့အပြင် သန်းခေါင်စာရင်းရဲ့ ကောက်ယူနိုင်မှု အခြေအနေနဲ့ လွှမ်းခြုံနိုင်မှု အခြေအနေတွေဟာ တိကျမှုမရှိတာကို တွေ့ရသလို စစ်ခေါင်းဆောင်ပြောတဲ့ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ဖို့ လုပ်တဲ့အခါမှာ ဒီ သန်းခေါင်စာရင်းက ထွက်လာတဲ့ လူဦးရေကိန်းဂဏန်း အချက်အလက်တွေက အထောက်အကူ ပြုတယ်ဆိုတဲ့ ပြောဆိုချက်ဟာလည်း လွဲမှားနေတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတယောက်က ဆိုပါတယ်။

“သန်းခေါင်စာရင်းက မဲစာရင်းနဲ့ တိုက်ရိုက်တော့ မဆိုင်ဘူး။ သန်းခေါင်စာရင်းဆိုတာ အဓိကက မဲဆန္ဒနယ်တွေ ခွဲဝေသတ်မှတ်ဖို့အတွက်ကို အဓိကသုံးရတဲ့ စာရင်းမျိုးဖြစ်တယ်။ သန်းခေါင်စာရင်း ကောက်တာကြောင့်လို့ မဲစာရင်း မှန်လာမယ်လို့ ပြောတဲ့ ကိစ္စကလည်း ဒီလိုမျိုး ရွေးကောက်ပွဲစနစ်ကို နားမလည်လို့ ပြောရာရောက်ပါတယ်။ ဆိုတော့ အဲ့လိုမျိုးပဲ ပြောခဲ့ကြတာပဲပေါ့နော်၊ စစ်ခေါင်းဆောင်ကိုယ်တိုင်က။ ဒါကြောင့်မို့လို့ သန်းခေါင်စာရင်း ကောက်ပေမဲ့လည်း သန်းခေါင်စာရင်းကလည်း နိုင်ငံအနှံ့ ကောက်နိုင်ခဲ့တာ မဟုတ်ခဲ့ဘူး။ သန်းခေါင်စာရင်းကလည်း နိုင်ငံအနှံ့ မကောက်နိုင်ခဲ့သလို ဆက်တိုးပြီးတော့ ရွေးကောက်ပွဲ ဆက်လုပ်တယ်ပေါ့နော်။ ဆက်လုပ်တော့လည်း မဲစာရင်းကိုလည်း မှန်အောင် လုပ်နိုင်မယ်လို့ မထင်ဘူး။”

ဗကသများအဖွဲ့ချုပ်က သတင်းနှင့်ပြန်ကြားရေးကော်မတီဝင် မခင်နီကတော့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုကို အာရုံထားနေစရာ မလိုဘူးလို့ ဆိုပါတယ်။

“ကျမတို့အနေနဲ့ကတော့ ဒီသန်းခေါင်စာရင်း စစ်တမ်းတို့၊ မဲစာရင်းတို့ ဒါတွေက မှန်မမှန် ဆိုတာကိုကအစ အာရုံထားနေစရာ မလိုဘူးလို့ ယူဆပါတယ်။ စစ်အစိုးရကတော့ တယောက်ပဲ မဲထည့်ထည့် သူနိုင်မှာပဲ၊ ၂ ယောက် မဲထည့်လည်း နိုင်မှာပဲ၊ ဘယ်နှယောက်ပဲရှိရှိ ဘယ်နှယောက်ပဲ မဲထည့်ထည့်၊ ဘယ်သူပါပါ မပါပါ အားလုံး သူ့အစီအစဉ်အတိုင်း သူအသာစီးရအောင် လုပ်မှာပဲ။ နောက်ဆုံး ပြည်သူတွေ မဲထည့်ရတယ် ဆိုဦးတော့ အခုက လူထုကို သူက သေနတ်ထောက်ပြီးတော့ မဲထည့်ခိုင်းတဲ့ အခြေအနေ၊ လူထုက ကြောက်လို့ မဲထည့်ရတဲ့ အခြေအနေ။”

၂၀၂၄ သန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ လူဦးရေ စုစုပေါင်းက ၅၁ ဒသမ ၄ သန်း ဖြစ်ပြီး နိုင်ငံရဲ့ လူဦးရေက ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် လျော့ကျနေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

လူဦးရေ လျော့ကျလာတဲ့ အကြောင်းရင်းမှာ မွေးဖွားနှုန်းကျဆင်းတာ၊ ရွှေ့ပြောင်းသွားလာမှု မြင့်မားလာတာတို့ကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သန်းခေါင်စာရင်း အချက်အလက်တွေအရ မြန်မာနိုင်ငံသား ၁ သန်းကျော်ဟာ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတယ်လို့ သိရပြီး လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013