
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုကို ဆန့်ကျင်ပြီး အတိုက်အခံပါတီတွေ တရားရုံးချုပ်ဆီ ချီတက်ဆန္ဒပြဖို့ စီစဉ်ထားတာကြောင့် အောက်တိုဘာ ၁၂ ရက်မှာ မြေအောက်ရထားဘူတာ ၆ ခုကို ပိတ်ပြီး ယာဉ်အသွားအလာ ကန့်သတ်လိုက်ပါတယ်။
ရဲတပ်ဖွဲ့က လုံခြုံရေးအကြောင်းပြချက်နဲ့ ဘူတာတွေကို ပိတ်ထားပြီး မြို့တွင်းလမ်းပိုင်း ၂၀ ကျော်မှာ ယာဉ်ကြောလမ်းလွှဲတွေ လုပ်ထားပါတယ်။
အငြင်းပွားနေတဲ့ မဲဆန္ဒရှင်စာရင်း စစ်ဆေးပြင်ဆင်မှုကြောင့် မနှစ်ကစပြီး မဲစာရင်းကနေ လူသန်း ၁၃၀ ကျော်ရဲ့ အမည်တွေကို ဖယ်ရှားခဲ့ရာမှာ သေဆုံးသူတွေ၊ နေရပ်ပြောင်းသူတွေနဲ့ ရှာမတွေ့သူတွေ ပါဝင်ပါတယ်။
အတိုက်အခံတွေကတော့ ဒီလုပ်ရပ်ဟာ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီရဲ့ ဘာရာတီယာ ဂျနတာပါတီ (BJP) ကို အကျိုးဖြစ်စေတယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဂျာနက်ရှ် ကူးမား နုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။
အဓိက အတိုက်အခံ ကွန်ဂရက်ပါတီကလည်း “မဲခိုးမှု” လို့ စွပ်စွဲထားတဲ့ ကိစ္စကို ရပ်တန့်ဖို့နဲ့ ကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်ဖို့ တရားသူကြီးချုပ်ထံ တောင်းဆိုစာပေးအပ်ဖို့ စီစဉ်ထားပါတယ်။
ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ် ဂန္ဒီ ကတော့ “ဒီမိုကရေစီကို ယုံကြည်ပြီး အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေဘက်က ရပ်တည်သူအားလုံး ကျနော်တို့နဲ့အတူ ချီတက်ကြမယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ တရားသူကြီးချုပ် ဆူရယ ကန့်က ဒီကိစ္စကို တရားရုံးမှာ ကြားနာနေပြီ ဖြစ်တာကြောင့် ကွန်ဂရက်ပါတီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်ကို ပယ်ချခဲ့တယ်လို့ ပါတီသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာလည်း ရဲတပ်ဖွဲ့က “ပိုးဟပ်” လူငယ်လှုပ်ရှားမှု ခေါင်းဆောင်တွေ အပါအဝင် ဆန္ဒပြသူ ထောင်နဲ့ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ပိုးဟပ် လူငယ်လှုပ်ရှားမှုကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရဖို့ တောင်းဆိုထားပြီး ၂၄ နာရီအတွင်း ဆန္ဒပြမဲ့ရက် မသတ်မှတ်ပေးရင် ဆန္ဒပြပွဲအသစ် ကြေညာမယ်လို့ သတိပေးထားပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကတော့ ပါတီတခုခုကို မျက်နှာသာပေးထားတာ မရှိဘူးလို့ ငြင်းဆိုပြီး မဲစာရင်းကနေ မှားယွင်းဖယ်ရှားခံရသူတွေ ပြန်လည်စာရင်းသွင်းနိုင်တယ်လို့ ပြောထားပါတယ်။
Gen Z မျိုးဆက်လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ်ဂျန်တာပါတီ (CJP) ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြီးအကဲဖြစ်သူကို ရာထူးကနေ နုတ်ထွက်သွားအောင် ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်မယ်ဆိုပြီး ကတိပြုပါတယ်။
စနေနေ့တုန်းက ဖမ်းဆီးရမိခဲ့တဲ့ ဆန္ဒပြသူ အယောက် ၇,၀၀၀ လောက်ကို ပြန်လွှတ်ပေးခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ နောက်ထပ်ရာနဲ့ချီပြီး ထိန်းသိမ်းခံခဲ့ရကြောင်း ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အလားတူ CJP ပါတီ တည်ထောင်သူ အဘီဂျစ် ဒစ်ပ်ကေးနဲ့ တခြားခေါင်းဆောင်တွေက ဆန္ဒပြပွဲအတွက် ဒေလီမြို့တော်ကို ရောက်လာချိန်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
အဲဒီနောက် ပြန်လွတ်လာချိန်မှာ ဒစ်ပ်ကေးက ဝန်ကြီးချုပ် မိုဒီကို “အိန္ဒိယသမိုင်းတလျှောက် သူရဲဘောအကြောင်ဆုံး ဝန်ကြီးချုပ်ဖြစ်တယ်” လို့ ဆိုတဲ့အပြင် “CJP အနေနဲ့ နောက်ဆုတ်သွားမှာ မဟုတ်ဘဲ ခြိမ်းခြောက်လို့ပါ မရနိုင်ကြောင်း” ပထမဆုံး မှတ်ချက်ပေးပါတယ်။
တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမရှိတဲ့ CJP ဟာ အရေးကြီးတဲ့ ပြည်နယ်ရွေးကောက်ပွဲတွေ မကျင်းပခင် လပိုင်းအလိုမှာ အခုလိုမျိုး ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ပေးဖို့ တောင်းဆိုနေတာပါ။
လောလောဆယ် မဲဆန္ဒရှင်စာရင်းတွေထဲက အမည်ပေါင်း သန်း ၁၃၀ ကျော်ကို ပယ်ဖျက်ခဲ့တဲ့အလျောက် မှားယွင်းမှုတွေ ရှိနေတယ်ဆိုပြီး ပြည်နယ်အများအပြားမှာ အငြငးပွားနေကြပါတယ်။
အခုလိုမျိုး မဲစာရင်းတွေကို ပြင်ဆင်မွမ်းမံခြင်းအားဖြင့် ကော်မရှင်အကြီးအကဲ ယာနစ်ရှ် ကူးမားဟာ ဝန်ကြီးချုပ်ရဲ့ BJP ပါတီ အနိုင်ရအောင် မျက်နှာသာပေးနေတယ်ဆိုပြီး CJP နဲ့အတူ အတိုက်အခံပါတီတွေဘက်က စွပ်စွဲထားပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကလည်း ဒါဟာ သေဆုံးသွားတဲ့သူတွေ၊ နာမည်ထပ်နေတဲ့သူတွေ နဲ့ မဲပေးပိုင်ခွင့် မရှိတဲ့သူတွေကို ဖယ်ရှားပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲစာရင်းအသစ်ပြင်ဆင်တဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်သာ ဖြစ်တဲ့အကြောင်း တုံ့ပြန်ထားပါတယ်။
အခုနှစ်အစောပိုင်း နွေရာသီကာလမှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့တဲ့ CJP ရဲ့ သီတင်းပတ် ၅ ပတ်ကြာ ဆန္ဒပြပွဲတွေကြောင့် ပညာရေးဝန်ကြီးဖြစ်သူ နုတ်ထွက်သွားပြီးနောက်ပိုင်း ဇူလိုင်လအတွင်း အောင်ပွဲအဖြစ် အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒါဟာ အိန္ဒိယတရားသူကြီးချုပ်က အလုပ်လက်မဲ့ လူငယ်တချို့ကို “ပိုးဟပ်တွေ” နဲ့ ခိုင်းနှိုင်းပြောဆိုခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ CJP ပါတီ အပါအဝင် သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ မေလထဲမှာ စပြီး ပေါ်ပေါက်လာခဲ့ပါတယ်။











