
အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ သန်းခေါင်ယံအချိန်က မွန်ထာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူတယောက် သေဆုံးခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ကောက်ပဲသီးနှံတွေနဲ့ လျှပ်စစ်ဓာတ်အားတိုင်တွေ ပျက်စီးခဲ့ကြောင်း အရာရှိတွေက အောက်တိုဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယ မိုးလေဝသဌာနဟာ အန်ဒရာ ပရာဒက်ရှ်၊ အောဒစ်ရှ၊ တေလန်ဂါနာနဲ့ အနောက်ဘင်္ဂလား ကမ်းရိုးတန်းပြည်နယ်တွေအတွက် ဗုဒ္ဓဟူးနေ့မှာ အလွန်မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပြီး တနာရီ ၉၀ ကီလိုမီတာ (၅၆ မိုင်) အထိ လေပြင်းတိုက်ခတ်မယ်လို့လည်း ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ နေ့လယ်ပိုင်းမှာ နက်ရှိုင်းတဲ့ မုန်တိုင်းငယ်အဖြစ် အားပျော့သွားဖွယ် ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။
အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ကိုနာဆီးမားခရိုင်မှာ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတယောက်ပေါ်ကို ထန်းပင်တပင် လဲကျခဲ့ပြီးနောက်မှာ သေဆုံးခဲ့ကြောင်း ဒေသခံအရာရှိတွေက ပြောပါတယ်။
အန်ဒရာပရာဒေ့ရှ်ပြည်နယ်မှာ အင်္ဂါနေ့ ညပိုင်းအထိ သီးနှံဧက ၃၈,၀၀၀ ကျော်၊ ဓာတ်အားလိုင်းတွေနဲ့ လျှပ်စစ်ဓာတ်အားတိုင် အများအပြား ပျက်စီးဆုံးရှုံးမှုရှိကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။
ဓာတ်အားပြတ်တောက်ခဲ့တဲ့နေရာတွေမှာ ဓာတ်အားပြန်လည်ရရှိဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းကနေ ဆောင်ယူလာတဲ့ ရာသီဥတု အပြောင်းအလဲတွေကြောင့် ချိန်ခါမဟုတ် နှင်းတွေ ထူထူထပ်ထပ် ကျဆင်းမှုကြောင့် ဧဝရတ်တောင်ရဲ့ တိဘက်နိုင်ငံဘက်ခြမ်းရှိ အာဏာပိုင်တွေဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ကို ဧည့်သည်တွေ ဝင်ရောက်ခွင့် ရပ်ဆိုင်းထားကြောင်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။
Source: Reuters










