DVB Logo
Home
မြန်မာသတင်း
တရုတ်ကြားဝင်စွက်ဖက်မှုကြောင့် လက်နက်ကိုင်တိုက်ပွဲအရှိန် လျော့ကျသွားနိုင်
DVB
·
October 30, 2025
တရုတ်ကြားဝင်စွက်ဖက်မှုကြောင့် လက်နက်ကိုင်တိုက်ပွဲအရှိန် လျော့ကျသွားနိုင်
Donate to DVB

မြန်မာ့အရေးကိစ္စတွေမှာ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲပဋိပက္ခတွေ လျော့ကျသွားစေနိုင်သလို ဒီအခြေအနေကို နွေဦးတော်လှန်ရေး ဦးဆောင်သူတွေအနေနဲ့ သင်ခန်းစာယူဖို့လိုကြောင်း နိုင်ငံရေး၊ စစ်ရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းပေးခဲ့မှုကြောင့် အောက်တိုဘာ ၂၉ ရက်ကစလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TLNA) နဲ့ စစ်တပ်တို့ နှစ်ဘက် သဘောတူ အပစ်အခတ်ရပ်စဲကာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေမှာရှိတဲ့ TLNA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။

ဒီအခြေအနေဟာ တရုတ်အကျိုးစီးပွားအတွက် အတင်းအကျပ်ဆန်တဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုမျိုး ဖြစ်ပြီး တရုတ်ကြောင့်ပဲ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်တပ်ရဲ့ တိုက်ပွဲပဋိပက္ခအရှိန်တွေ လျော့ကျသွားနိုင်ကြောင်း မြန်မာမဟာဗျူဟာနှင့် မူဝါဒရေးရာအင်စတီကျူ- ISP Myanmar ရဲ့ ပြင်ပ ဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။

“တရုတ်က လိုလားတာပေါ့။ ကုန်သွယ်ရေးလမ်းမကြီးကို ပြန်ဖွင့်ချင်တယ်၊ တရုတ်နယ်စပ်မှာ တည်ငြိမ်မှုကို လိုချင်တယ်။ သိပ်မကြာခင်က ဖြစ်သွားတဲ့ TNLA နဲ့ မြန်မာစစ်ကော်မရှင်ကြား ဆွေးနွေးပွဲဆိုရင် သူတို့က Coercive Mediation လို့ခေါ်တဲ့ အတင်းအကျပ် နည်းနည်းဆန်တဲ့ ကြားဝင်မှုမျိုး လုပ်တာပေါ့ဗျာ။ ဒီလိုအခြေအနေမျိုး ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်မြင်တာ ဒီလိုဗျ၊ တရုတ်က မြန်မာပြည်နဲ့ပတ်သက်ရင် သူတို့က တနိုင်ငံလုံး တည်ငြိမ်ဖို့လိုတယ်၊ လိုတဲ့အခါကျတော့ ရွေးကောက်ပွဲလုပ်ဖို့ တွန်းတယ်၊ တဖက်မှာလည်း ဒီရွေးကောက်ပွဲ ပြီးသွားရင်လည်း ငြိမ်းချမ်းရေးကိစ္စတွေလည်း သူ ဆက်တွန်းလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလက်နက်ကိုင် ပဋိပက္ခရဲ့ အရှိန်က ကျသွားဖို့တော့ များတယ်ဗျ။”

တိုင်းရင်းသားအင်အားစုတွေ သိမ်းယူထားနိုင်တဲ့ နယ်မြေဒေသတွေကို စစ်တပ်က ပြန်လည် ထိန်းချုပ်တဲ့အခါ စစ်ရေးအပြင် ဒေသခံတွေရဲ့ လုံခြုံရေးကိုပါ စီစဉ်ဆောင်ရွက်ဖို့ လိုကြောင်းလည်း သိရပါတယ်။

တရုတ်က စစ်တပ်ကသာ တိုင်းပြည်အရေးကို စီမံလုပ်ဆောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အခုလို ကြားဝင်နေတာဖြစ်ပြီး ဒီအခြေအတွေက နွေဦးတော်လှန်ရေးရဲ့ သင်ခန်းစာဖြစ်ကြောင်း နိုင်ငံရေး စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြ ပြောဆိုပါတယ်။

“မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ တရုတ်က သူ့ရဲ့ပိုင်နက် ကိုလိုနီနယ်မြေတခုလို သဘောထားပြီး ထားတော့ ဗမာပြည်အရေးကို ကျူးကျော်စွက်ဖက်နေတဲ့ အနေအထားဟာ အခုကတော့ စစ်ကောင်မရှင်ရဲ့ ထိုးစစ်တွေကို သူတဦးတည်း ခံနိုင်ရည်မရှိတဲ့ အခြေအနေအောက်မှာ ဒီလို ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရတဲ့အကြောင်းကလည်း ပိုင်နက်နယ်မြေ သိမ်းပိုက်နိုင်တဲ့ နယ်မြေမှန်သမျှ ကိုယ့်နယ်မြေဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ တခြားသော EAO တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေဖြစ်ပြီးတော့ အမျိုးသားအကျိုးစီးပွားနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး အမြင်အောက်မှာ ပဋိပက္ခတွေ ဖန်တီး၊ တကယ်တမ်း စစ်ကောင်စီက တရုတ်ကနေတဆင့် စစ်ရေးဖိအားပေးဖို့ ဘက်စုံက ကြိုးပမ်းလာတဲ့အချိန်မှာ ကူသူမဲ့ ကယ်သူမဲ့ TNLA အနေနဲ့ လိုက်လျောလိုက်ရတာ ဖြစ်ပါတယ်။ အဲဒါဟာ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ သင်ခန်းစာ ဖြစ်ပြီးတော့ ဒီသဘောထားတွေကို မလှည့်ပြောင်းနိုင်ရင် နွေဦးတော်လှန်ရေး သားလျှောနိုင်တဲ့ အခြေအနေကို ညွှန်ပြနေတဲ့အကြောင်း သုံးသပ်ပါတယ်။”

ဒါပေမဲ့ ဒီလိုအခြေအနေတွေဟာ နွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းတခုသာဖြစ်ပြီး မြန်မာပြည်ရဲ့ တခြားသော ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပြည်သူ့တော်လှန်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်တပ်အမြစ်ပြတ်ပြုတ်ကျရေး ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ကြောင်းလည်း ဖြည့်ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ TNLA က မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စတဲ့ မြို့ ၁၂ မြို့ကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပေမဲ့ စစ်တပ်က ကျောက်မဲ၊ နောင်ချို၊ သီပေါကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ TNLA က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကိုပါ စစ်တပ်ဆီ လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ကြားဝင်မှုနဲ့ပဲ ရှမ်းမြောက်နဲ့ ကိုးကန့်ဒေသက မြို့ ၉ ခုကို ထိန်းချုပ်ထားနိုင်တဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်တပ်နဲ့ အပစ်အခတ်ရပ်ကာ ဧပြီလမှာတော့ လားရှိုးကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013