DVB Logo
Home
မြန်မာသတင်း
တရုတ်ကုမ္ပဏီက ရှမ်းအရှေ့ ပိုင်း နမ့်ခုတ်မြစ်တလျှောက် မြေရှားနှင့် ရွှေတူးဖော်မှုတိုးချဲ့ နေ  
DVB
·
October 30, 2025
တရုတ်ကုမ္ပဏီက ရှမ်းအရှေ့ ပိုင်း နမ့်ခုတ်မြစ်တလျှောက် မြေရှားနှင့် ရွှေတူးဖော်မှုတိုးချဲ့ နေ  
1 / 2
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း နမ့်ခုတ်မြစ်တလျှောက် မြေရှားသတ္တုန့ ရွှေတူးဖော်မှုလုပ်ငန်းတွေရဲ့ နောက်မှာ တရုတ်အစိုးရကျော ထောက်နောက်ခံ ကုမ္ပဏီတွေ ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က အောက်တိုဘာ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်တင်မက ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်းခရိုင်ဒေသနေ ပြည်သူပေါင်း သန်းနဲ့ချီကို အန္တရာယ်ဖြစ်စေတဲ့ နမ့်ခုတ်မြစ်ရေ ညစ်ညမ်းရတာဟာ မြေရှားသတ္တုနဲ့ ရွှေတူးဖော်မှု လုပ်ငန်းတွေကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်တွေကို ဆိုးရွားစွာထိခိုက်စေတဲ့ အဆိုပါ မြေရှားသတ္တု၊ ရွှေသတ္တုတူးဖော်မှုတွေကို ၂ နိုင်ငံ နယ်စပ်နေပြည်သူတွေက ဆန္ဒပြကန့်ကွက်မှုတွေရှိခဲ့ပေမဲ့ ရပ်တန့်ခြင်း မရှိတဲ့အပြင် ထပ်ပြီးတော့ပါ တိုးချဲ့လာနေတာပါ။ 

အောက်တိုဘာ ၁၄ ရက်နေ့က ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တောင်ဘက် မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ်တလျှောက်မှာ မြေရှားသတ္တုနဲ့ ရွှေသတ္တုတွင်းတွေ တိုးချဲ့လာနေတယ်၊ မေ ၆ ရက်က ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး သတ္တုတူးဖော်မှုလုပ်ငန်းတွေ ပိုမိုတိုးချဲ့လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။  

အဆိုပါ မိုင်းယွန်းဒေသကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ စစ်ကောင်စီတို့က ပူးတွဲထိန်းချုပ်ထားတာမှာ သတ္တုတွင်းလုပ်ငန်း လည်ပတ်နိုင်ဖို့  ၂ ဖွဲ့စလုံးရဲ့  ခွင့်ပြုချက်ရယူဖို့  လိုအပ်တယ်။

အတွင်းပိုင်း သတင်းရင်းမြစ်အရ၊ မိုင်းယွန်းရှိ နမ့်ခုတ်မြစ်တလျှောက် မြေရှားသတ္တုတွင်းတွေနဲ့ အဓိက ရွှေတူးဖော်ရေးလုပ်ငန်း နှစ်မျိုးစလုံးကို China Investment Mining  ကုမ္ပဏီက ဆောင်ရွက်နေပြီး၊ အဲဒီကုမ္ပဏီဟာ လာအိုနိုင်ငံမြောက်ပိုင်းမှာလည်း မြေရှားသတ္တု တူးဖော်နေတယ်လို့   SHRF က ဆိုပါတယ်။ 

China Investment Mining ကုမ္ပဏီရဲ့ ရှယ်ယာ  ၉၀ ရာခိုင်နှုန်းကို Shanghai Chijin Xiawu Metal Resources ကုမ္ပဏီက ပိုင်ဆိုင်ပြီး အဲဒီကုမ္ပဏီဟာ  လာအိုနိုင်ငံမှာ  မြေရှားသတ္တု အရင်းအမြစ်တွေ တူးဖော်ထုတ်လုပ်ဖို့  တရုတ်အစိုးရ ကျောထောက်နောက်ခံရှိ Xiamen Tungsten Corporation နဲ့ တရုတ်နိုင်ငံရဲ့  အကြီးဆုံးပုဂ္ဂလိက ရွှေထုတ်လုပ်သူ Chifeng Gold တို့က ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့ ဖက်စပ်လုပ်ငန်းတခု ဖြစ်တယ်၊  Xiamen Tungsten Corporation (XTC) ဟာ တရုတ်နိုင်ငံရဲ့ အဓိက မြေရှားသတ္တု ကော်ပိုရေးရှင်းကြီးတခုဖြစ်တယ်လို့  ဆိုပါတယ်။ 

နမ့်ခုတ်မြစ်ကို အန္တရာယ်ဖြစ်စေတဲ့ ညစ်ညမ်းမှုတွေ ရှိနေတဲ့ကြားက သတ္တုတွင်းနေရာ ၃ ခုကို တိုးချဲ့နေတာဟာ နယ်စပ်နှစ်ဖက်စလုံးရှိ လူထုအသိုက်အဝန်းအပေါ် သက်ရောက်မှုရှိနေတာကြောင့် အလွန်အမင်း စိုးရိမ်စရာကောင်းလှတယ်။

နမ့်ခုတ်မြစ်ဟာ မဲခေါင်မြစ်ရဲ့  မြစ်လက်တက်တခုဖြစ်တာကြောင့် အဲဒီမဲခေါင်မြစ်ကြောင်း ရေစုန်ပိုင်းတလျှောက် နေထိုင်သူသန်းပေါင်း ဆယ်နဲ့ချီအပေါ်  ဆိုးကျိုးသက်ရောက်စေတယ်လို့  ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလက စပြီး  နမ့်ခုတ်မြစ်က ရေတွေကို ၂ ပတ်တကြိမ် စစ်ဆေးနေတာမှာ၊ စိန်နဲ့ ခဲဓာတ် ပမာဏတွေ  ဘေးကင်းလုံခြုံရေး စံနှုန်းတွေထက် ကျော်လွန်နေတာကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

Source: SHRF

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013