
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ထဲက တိုက်ပွဲအတွင်းမှာ စစ်တပ်က ဗုံးလာကြဲတဲ့ ဒရုန်းတစီးကို အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ပစ်ချနိုင်ခဲ့တယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းဆီကနေ သိရပါတယ်။
တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း တပ်ဖွဲ့ဝင်တယောက်က “ထန်းတပင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗုံးလာကြဲတဲ့ ဒရုန်းတစီးကို ပစ်ချနိုင်ခဲ့တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကစပြီး ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ ကနေ ဇရပ်ကြီးမြို့နယ် တောင်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားစဥ် စစ်ကောင်စီတပ်ဘက်က ဒရုန်းတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ရေးအရ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကိုတော့ ထုတ်ပြောလို့ မရသေးပါဘူး။ တိုက်ပွဲအတွင်းမှာ သူတို့ဘက်က ၇ ကြိမ် ဗုံးကြဲခဲ့တဲ့ ဒလက် ၆ ခုပါ 15 KG အမျိုးအစား ဒရုန်းကို ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့ ဗုံးကြဲတဲ့အခါမှာတော့ ဒီဘက်ကရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ တိုက်ပွဲဖြစ်စဥ်ကိုတော့ အသေးစိတ် ထုတ်ပြန်သွားဖို့ ရှိနေပါတယ်” လို့ DVB ကို ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ အောက်တိုဘာ ၂၇ ရက်အထိ အပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး အောက်တိုဘာ ၂၉ ရက်မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေကာ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ပြည်သူတချို့ သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။











