DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားသည့်နေရာ  ထပ်မံပြောင်းရွှေ့ဟုသတင်းထွက်
DVB
·
October 30, 2025
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားသည့်နေရာ  ထပ်မံပြောင်းရွှေ့ဟုသတင်းထွက်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နေရာကနေ ထပ်မံပြောင်းရွှေ့ထားလိုက်တယ်လို့ နေပြည်တော်အချုပ်ထောင် နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

“ဘယ်သူမှတွေ့ခွင့်မရသေးပါဘူး၊။ နေရာပြောင်းသွားတော့ အတိအကျမသိတော့ဘူး။ ထပ်ပြောင်းတယ်တဲ့၊ တဆင့်ပဲကြားတာ၊ အဲ့ဒီ ကျနော်တို့ သိထားတဲ့နေရာမှာတော့ မရှိဘူးဆိုတာပဲ သိတယ်။ အရင် နေပြည်တော်ကောင်စီဘက် ပြောင်းတယ်လို့ သိထားတယ်။ အဲဒီကနေ ထပ်ပြောင်းသွားတာ။ နိုင်ငံရေးအယူအဆတွေနဲ့ ဆိုင်တော့ သူတို့ ဘယ်လိုတွေးထားလဲတော့ သဘောမပေါက်ဘူး။ လက်ရှိလူ၊ အာဏာရှိတဲ့လူက သူတို့အတွေးအခေါ် အယူအဆတွေက သဘာဝအတိုင်းမဟုတ်ရင်တော့ ကျန်တာတွေးလို့မရဘူး။ ကျနော့်အယူအဆကတော့ အဲ့ဒီလောက် ကျန်းမာရေးဆိုးဆိုးရွားရွား ဘာမှမဖြစ်နိုင်ဘူး၊ ဒါပေမဲ့ အဲ့ဒါကလည်း ကျနော်တို့က ထုတ်ပြောလို့မရဘူး နိုင်ငံရေးအရဆိုတော့။ အသက်အရွယ်နဲ့ ကျန်းမာရေးအရ ခန့်မှန်းရရင်တော့ စိုးရိမ်စရာရှိတာပေါ့။ သူက သတိနဲ့နေတာများတယ်၊ ဘုရားတရားနဲ့နေတော့ ကျန်းမာရေးအရ အစားအသောက်နဲ့ ပတ်ဝန်းကျင်ကြောင့်ကလွဲလို့ ကျန်တာဘာမှ မဖြစ်နိုင်ဘူး။”  

မြန်မာပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို လေးစားအသိအမှတ်ပြုဖို့နဲ့ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က  နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့  အစိုးရတွေကို ကြေညာချက်ထုတ်ပြန် တိုက်တွန်း တောင်းဆိုလိုက်ပြီးနောက် ဒီသတင်း ထွက်ပေါ်လာတာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို  စစ်ကောင်စီက  စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး နေပြည်တော်က လျှို့ဝှက်နေရာတခုမှာ ထိန်းသိမ်းခဲ့ပြီး ရုံးထုတ် စစ်ဆေးခဲ့တာပါ။

၂၀၂၂ ခု ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာ ပြောင်းရွှေ့ ထိန်းသိမ်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ၂၀၂၄ ခု ဧပြီလမှာ နေပြည်တော်အချုပ်ထောင်ကနေ နေပြည်တော်ကောင်စီနယ်မြေ ဒုဝန်ကြီးအဆင့်နေအိမ်တခုကို ပြောင်းရွှေ့ထိန်းသိမ်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခု လတ်တလောမှာတော့ နေပြည်တော်ကောင်စီ ဒုဝန်ကြီးအဆင့်နေအိမ်ကနေ နောက်ထပ်နေရာသစ် တနေရာကို ပြောင်းရွှေ့ထားကြောင်း သတင်းတွေထပ်ပြီး ထွက်ပေါ်ခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးသိန်းဦးတို့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့  သတင်းအမှားသာဖြစ်တယ်လို့ ပါတီဘက်က တုံ့ပြန်ထားပါတယ်။ 

NLD ဗဟိုအလုပ်ကော်မတီ  ဦးကျော်ထွေးက “မြန်မာ့ဒီမိုကရေစီရဲ့ အိုင်ကွန်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့အသေကြောက်ကြတယ်ဗျ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပြည်သူလူထုက ဒီနေ့အထိ ယုံကြည်အားကိုး ချစ်ခင်နေကြတုန်းပဲဆိုတာကို ဒီစစ်အုပ်စုတွေက သိတယ်။ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ ပြည်သူလူထုတရပ်လုံး ရပ်တည်နေကြတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုဝေးနေအောင် မတရားတွေ အမှုတွေဆင်ပြီးတော့ ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဒီစစ်အုပ်စုက သူတို့ မရှုနိုင်မကယ်နိုင် အကျပ်ဆိုက်လာရင် ထွက်ပေါက်အဖြစ် အပေးအယူလုပ်ဖို့ အသုံးချဖို့ ဓားစာခံလုပ်ထားတာလို့လည်း မြင်ပါတယ်။ ဒီအချိန်မှာ သူတို့မျက်ကွယ်ပြုထားနိုင်ပေမဲ့ ဒါမျိုးကိုတော့ သူတို့အကြာကြီး ထိန်းထားနိုင်မယ်လို့ မမြင်ပါဘူးခင်ဗျ” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ထားတာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားလို့ အာဏာသိမ်းတာလို့ စစ်ကောင်စီက အကြောင်းပြချက်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လက်တွေ့တရားစွဲဆိုရုံးတင်ရာမှာတော့ ရွေးကောက်ပွဲတရား မဲ့ပြုကျင့်တာနဲ့ပတ်သက်တဲ့ ပုဒ်မတခုသာပါဝင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ခု ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီး အဲ့ဒီနောက်ပိုင်းအခြေအနေတွေကို စစ်ကောင်စီက သတင်းအမှောင်ချထားခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ  ဦးထွန်းကြည်က “ဘယ်နေရာရောက်နေမှန်းလဲမသိဘူး၊ ဘယ်လိုအခက်အခဲ အကျပ်အတည်းစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရမှန်းလဲမသိဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးက တိုင်းပြည်ရဲ့ကျန်းမာရေးပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက တိုင်းပြည်ရဲ့အခြေအနေပေါ့။ နိုင်ငံတကာက စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို တောက်လျှောက် ဖိအားပေးနေတဲ့အခြေအနေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Hot ဖြစ်နေတဲ့ ဖိအားတွေကို ဖုံးဖိချင်တဲ့အခါကြတော့ ဒီလိုပုံစံမျိုးသတင်းတွေ ထုတ်နေသလားပေါ့ဗျာ။ စစ်ကော်မရှင်အနေနဲ့က သူတို့က ဖမ်းထားတဲ့သူလေ၊ ဖမ်းတာလည်း မင်းတို့ပဲ၊ တရားရုံးတင်တာလည်း မင်းတို့ပဲ၊ ထောင်ချတာလည်း သူတို့ပဲ၊ အဲ့ဒီအတွက်ကြောင့်မို့လို့ တကယ့်တကယ် တာဝန်အရှိဆုံးကတော့ စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်၊ အဲ့ဒီအတွက်ကြောင့်မို့ စစ်ကော်မရှင်အနေနဲ့ ဒီကိစ္စကို အမြန်ဆုံး သတင်းထုတ်ပြန်ပေးဖို့လိုတယ်” လို့ ပြောပါတယ်။

စစ်အစိုးရအဆက်ဆက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတကြိမ်နဲ့ဆိုရင် ၄ ကြိမ်မြောက် အဖမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ နေအိမ်အကျယ်ချုပ်အပါအဝင် အကျဉ်းထောင်ထဲမှာ နေရတဲ့အချိန်ဟာ စုစုပေါင်း ၁၉ နှစ်အထိရှိနေပြီလို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဘားမားကမ်ပိန်း(ယူကေ)က ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့ နိုင်ငံတကာ အစိုးရတွေနဲ့  အဖွဲ့အစည်းတွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက လျစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ တိုက်တွန်းခဲ့တာရှိပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားပေမဲ့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရာဇဝတ်မှုကျူးလွန်ပြီး ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ ထောင်ကျတွေနဲ့ တွေ့ခွင့် မပေးနိုင်ဘူးလို့ ပြောထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013