
ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမှာဖြစ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေး ဆက်လက်ဖော်ဆောင်မယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ကြေညာပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို စစ်ကောင်စီထံ ပြန်ပေးဖို့ သဘောတူညီခဲ့တဲ့နောက်မှာတော့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေကို ဆက်လက်ကာကွယ်ဖို့ အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ဆက်လက်ချီတက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ မန္တလေး PDF၊ မိုးကုတ်ဗျူဟာ PDF နဲ့ TRI ဗျူဟာ PDF တပ်ဖွဲ့တွေက အသီးသီးစာတွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မန္တလေး PDF ရဲ့ ထုတ်ပြန်ချက်မှာတော့ “တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ ကူညီမှု၊ မိတ်ဆက် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းလက်တွဲမှုတွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ စွန့်လွှတ် ပေးဆပ်မှုတွေနဲ့အတူ မန္တလေးဒေသတွင်းရှိ နယ်မြေအချို့ကို ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်းနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားဖို့ မိတ်ဖက် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမယ်”လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာအဖွဲ့ကလည်း “တော်လှန်ရေးခရီးတလျှောက် မည်သို့ပင် ခက်ခဲသည့် အချိုးအကွေ့များဖြင့် ကြုံရသည်ဖြစ်စေ မိုးကုတ်ဗျူဟာနဲ့အတူ မိုးကုတ် အခြေပြုတော်လှန်ရေးအဖွဲ့များက ကျွန်တော်တို့၏ ရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ မမှိတ်မသုန် မဆုတ်တမ်း ဆက်လက်ချီတက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည့်အတွက် တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားပါမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်” လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် NUG မန္တလေးတိုင်းစစ်ဌာနလက်အောက်က TRI ဗျူဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကလည်း “NUG အစိုးရ တိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ မန္တလေးတိုင်းအတွင်းက နယ်မြေတွေမှာ တော်လှန်ရေးဆိုင်ရာ လုပ်တွေကို အားအင်အပြည့်နဲ့ ဆောင်ရွက်နေပြီး မိတ်ဖက်တော်လှန်ရေး အင်အားစုတွေ တွဲဖက်ပြီး အဖွဲ့အခြေတည်ရာဒေသတွေကို ကာကွယ်ကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခက်အခဲတွေကြားက ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်းလည်း ကတိသစ္စာပြုတယ်” လို့ ပြောဆိုထားပါတယ်။
တရုတ်ရဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်ဖိအားပေးမှုနဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့ ကူမင်းမြို့မှာ တွေ့ဆုံပြီး နှစ်ဦးသဘောတူ အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာ ၂၉ ရက်မှာ စတင်ခဲ့ပြီး TNLA ထိန်းချုပ်ရရှိထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေက TNLA တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးခဲ့ကြောင်း သိရပါတယ်။
ဝေဝေ











