DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအသုံးစရိတ် တိုးမြှင့်မှု ပါတီငယ်များအပေါ် သက်ရောက်မှုမရှိ
DVB
·
October 29, 2025
ရွေးကောက်ပွဲအသုံးစရိတ် တိုးမြှင့်မှု ပါတီငယ်များအပေါ် သက်ရောက်မှုမရှိ
Donate to DVB

စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အသုံးစရိတ်တွေ တိုးမြှင့်ပြင်ဆင်လိုက်တာဟာ အင်အားကြီးပါတီတွေ အတွက်သာ သက်ရောက်မှုရှိမှာဖြစ်ပြီး ပါတီငယ်တွေအတွက် သက်ရောက်မှာမဟုတ်ကြောင်းနဲ့ တရားဝင် မဲဆွယ်စည်းရုံးရေးကာလရက်ပိုင်းအလိုမှသာ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေကို လိုအပ်သလို ပြင်ဆင်နေတာဖြစ်တယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်တွေကို ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်တိုးမြှင့်လိုက်ပေမဲ့ ငွေကြေးအများအပြား မသုံးစွဲနိုင်လို့ ပါတီပုံရိပ်ကိုသာ အားကိုးစည်းရုံးရမှာဖြစ်ကြောင်း ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကော့မှူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးမာကီက ပြောပါတယ်။

“ကျနော်တို့ပါတီအနေနဲ့က ငွေကြေးနောက်ခံအင်အား ကြီးကြီးမားမားနဲ့ တည်ထောင်ထားတဲ့ပါတီ မဟုတ်တဲ့အခါကျတော့ ရှိတဲ့ ကိုယ့်ငွေလေးတွေကို ဖျစ်ညှစ်ပြီးတော့ ချွေတာပြီး သုံးနေကြရတာ ဆိုတော့၊ ထင်ပါတယ် သုံးနိုင်ရင်တောင် တယောက်ကို သိန်း ၅၀၊ ၆၀ ထက် မပိုလောက်ဘူး။ တချို့ဆို အဲဒီလောက်တောင် သုံးနိုင်မှာမဟုတ်ဘူး။ ကျနော်တို့ပါတီအတွက်က ဘာမှ သက်ရောက်မှုမရှိပါဘူး။ ငွေကြေးအင်အားကြီးမားတဲ့ ပါတီတွေအတွက်ကတော့ သူတို့ ပိုမိုသုံးစွဲခွင့်ရမယ်၊ သူတို့ ပိုမိုစည်းရုံးလှုံ့ဆော်ခွင့်ရမယ်၊ သူတို့အပေါ်ကိုတော့ သက်ရောက်ကောင်း သက်ရောက်နိုင်ပါတယ်။ လူသိများ ထင်ရှားအောင် လုပ်နိုင်တာချ‌င်း အတူတူဆိုရင်တောင် ငွေကုန်ကြေးကျခံနိုင်တဲ့သူကတော့ ပိုပြီး လူသိထင်ရှားဖြစ်နိုင်တာပေါ့။ ကျနော်တို့အနေနဲ့ကတော့ ကိုယ့်အားလေးနဲ့ ပြည်သူ့ပါတီဆိုတဲ့ အားလေးနဲ့ ကိုယ်ပုံရိပ်ကို မြှင့်တင်ပြီးတော့ သွားကြရမှာပေါ့။”

ပြင်ဆင်ပေးလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ ၂၁ ပါ နည်းဥပဒေအရ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် ငွေကျပ် သိန်း  ၁၅၀ အစား သိန်း ၃၀၀၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ငွေကျပ်သိန်း ၃၀၀ အစား ကျပ်သိန်း ၅၀၀ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတယောက်က “ရွေးကောက်ပွဲကျင်းပမယ်ဆို ဥပဒေတွေက ရွေးကောက်ပွဲမကျင်းပခင် လပေါင်းများစွာကတည်းက အဆင်သင့်ဖြစ်နေရတဲ့ ကိစ္စပေါ့။ အခုကတော့ ရွေးကောက်ပွဲကြေညာမှ ဥပဒေတွေ ထွက်လာတယ်။ အဲဒီဥပဒေတွေထဲမှာလည်း စနစ်အပြောင်းအလဲတွေ အများကြီး ထည့်သွင်းထားတယ်။ အခုလိုမျိုးပဲ နောက်မှလိုက်ပြီး ဥပဒေအပြောင်းအလဲတွေ၊ အမိန့်ကြေညာစာတွေ ထပ်ထုတ်ရတာတွေ၊ ဒီလို အပြောင်းအလဲတွေ များတာ ဒီရွေးကောက်ပွဲက ပထမဆုံးလို့ ပြောလို့ရတယ်ပေါ့။ ဒီရွေးကောက်ပွဲကတော့ ပြင်ပြင်ဆင်ဆင်နဲ့ စီမံခန့်ခွဲတာထက် လိုရင် လိုသလို အမိန့်တွေထုတ်၊ ကြေညာချက်တွေထုတ် ပြောင်းလဲတာမျိုးတွေက ပိုများနေတယ်လို့ မြင်ရပါတယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲအသုံးစရိတ် တိုးမြှင့်ပြင်ဆင်ချက်ကိုတော့ တရားဝင် စည်းရုံးလှုံ့ဆော်ရမယ့် အောက်တိုဘာ ၂၈ ရက် မတိုင်ခင် တရက်အလို အောက်တိုဘာ ၂၆ ရက် နေ့စွဲနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ၂၇ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာတွေမှာ ထည့်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ ရွေးကောက်ပွဲ အဖွဲ့ခွဲတွေမှာ ပြန်လည်တင်သွင်းရမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း မတင်သွင်းရင် ခုံအဖွဲ့ ဖွဲ့စစ်ဆေးကာ အရည်အချင်း ပျက်ယွင်းသူတွေအဖြစ် ကြေညာခံရမှာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး  ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013