
မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ဆက်လက်ပေးအပ်ဖို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံအားပေးဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တိုက်တွန်းလိုက်ပါတယ်။
မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမှာ အောက်တိုဘာ ၂၇ ရက်က ကျင်းပနေတဲ့ အာဆီယံ အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံပဋိပက္ခနဲ့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောထားတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။
စုဝေးရောက်ရှိနေတဲ့ ခေါင်းဆောင်တွေနဲ့ စကားပြောဆိုရာမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က “ကျနော်တို့အနေနဲ့ အကျပ်ကိုင်ဆောင်ရွက်ခြင်းထက် တွေ့ဆုံဆွေးနွေးမှု၊ တဖက်စောင်းနင်းထက် ဟန်ချက်ညီမျှမှု၊ ထိပ်တိုက်ရင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဆက်လက်ထောက်ခံသွားမှာပါ” လို့ ပြော ပါတယ်။
ကျနော်တို့ဟာ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောထားနဲ့ နိုင်ငံတကာဥပဒေအတွက် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အတည်ပြုပါတယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ပါဝင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသားယန္တရားတွေမှတဆင့် ဆောင်ရွက်ဖို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်က စတင်ခဲ့တဲ့ ၃ ရက်ကြာ ထိပ်သီးအစည်းအဝေးဟာ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်တွေနဲ့ အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ ကိုရီးယား အပါအဝင် ဆွေးနွေးဖက်နိုင်ငံတွေမှ ခေါင်းဆောင်တွေကို စုစည်းထားပါတယ်။
ဒေသတွင်း မဟာမိတ်အဖွဲ့ဟာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကို မြန်မာနိုင်ငံကို စေလွှတ်နိုင်ခြေကိစ္စ ဆွေးနွေးမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။
Photo: Reuters











