DVB Logo
Home
မြန်မာသတင်း
KK Park အဆောက်အအုံအချို့ ဖျက်ဆီးမှု စစ်တပ်က ဟန်ပြလုပ်ဆောင်နေဟု  KNU ပြော
DVB
·
October 28, 2025
KK Park အဆောက်အအုံအချို့ ဖျက်ဆီးမှု စစ်တပ်က ဟန်ပြလုပ်ဆောင်နေဟု  KNU ပြော
Donate to DVB

စစ်ကောင်စီအနေနဲ့ မြဝတီ KK Park စီမံကိန်းအတွင်းက  အဆောက်အအုံတချို့ကို ဖောက်ခွဲဖျက်ဆီးပြရုံနဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်း တိမ်ကောမှာ မဟုတ်ကြောင်း  ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူတွေနဲ့ ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ KK Park စီမံကိန်းမှာ   KNU ခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီကစွပ်စွဲထားပြီး KNU ဘက်က ဧက ၁၀၀ မြေကွက်ကို Trans -Asia International Holding Group (Thailand) Co., Ltd. ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ရပ်ဆိုင်း နုတ်ထွက်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က KK Park စီမံကိန်းအတွင်းက အဆောက်အအုံတချို့ကို  ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။

KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “သူတို့က ကြေညာထားတာကို။ KNU က အကြမ်းဖက် အဖွဲ့အစည်းဆိုပြီး။ အဲဒီအပေါ်မှာ KK Park က ဇော်မဲလုံး (ဗိုလ်ချုပ်ဇော်မင်းထွန်း) ကလည်း အဲလိုပြောထားတယ်ဆိုတော့ အဲဒါကို သူတို့က ဖျက်ဆီးတာတော့ ဟုတ်တယ်။ ဖျက်ဆီးတာက  မတိမ်ကောနိုင်ပါဘူး။ ဒါသက်သက် ရုပ်ပြပါ။ သူတို့လုပ်ချင်ရင် လုပ်လို့ရတာပေါ့။ မလုပ်ချင်လို့ ဒီတိုင်းထားတာကို။ အကြောင်းက ရှိတယ်လေ။ KNU ရဲ့ Image(ပုံရိပ်) ဖျက်တာ။ ဒါပါပဲ” လို့ ပြောပါတယ်။

KK Park စီမံကိန်းအတွင်းက အဆောက်အအုံတချို့ကို စစ်ကောင်စီတပ်နဲ့ BGF က ဒရုန်းနဲ့ ဗုံးကြဲပြီး ဗုံးဖောက်ခွဲတဲ့နေရာတွေဟာ လူမရှိတော့တဲ့အတွက် ဟန်ပြလုပ်နေတာလို့ ကျားဖြန့်ကနေ ထွက်ပြေးတိမ်းရှောင်နေသူတယောက်က ပြောပါတယ်။

“ဒရုန်းနဲ့ ဗုံးကြဲတာ ဟုတ်တယ်။ သူတို့ကြဲတဲ့နေရာမှာ လူက မရှိတော့ဘူး။ ဟန်ပြလုပ်နေတဲ့ သဘောပါ။ တခါတလေ သေနတ်သံတွေပါ ကျနော်တို့ ကြားရတယ်။ ပထမရက်တည်းက အဆောက်အအုံတွေ ဖောက်ခွဲဖျက်ဆီးနေတာ၊ နေ့တိုင်းပဲ။ သူတို့ ကျားဖြန့်ကို တကယ်သာ ဖမ်းမယ်ဆို ကရင်ပြည်နယ်တခုလုံး ကုန်နေပြီ။”

KK Park စီမံကိန်းအတွင်း ဈေးဆိုင်တွေ၊ ဂိုထောင်တွေ၊ ဆေးခန်း၊ ဆောက်လက်စ အဆောက်အအုံ စုစုပေါင်း ၃၀၀ နီးပါးကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့ရာ အလုပ်သမား ၂,၀၀၀ ကျော် တွေ့ရှိခဲ့တဲ့အပြင် စတားလင့်ခ်အင်တာနက်စလောင်း အလုံး ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

BGF ကို ထိန်းချုပ်လိုက်ရင် ကျားဖြန့် ငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားဝိုင်းတွေ ပြတ်သွားနိုင်ပြီး တဖက်မှာလည်း  စစ်ကောင်စီက အကျိုးအမြတ်ခံစားနေတဲ့အတွက် အများအမြင်ကောင်းအောင် ဖမ်းပြတဲ့သဘောလို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“ဒီ KK Park တခုတည်း ဝင်စီးပြီး ဖမ်းတာတော့ ဒါက အမြစ်ပြတ်နိုင်မှာ မဟုတ်ဘူး။ အဓိကကျတဲ့ နေရာဖြစ်တဲ့ ရွှေကုက္ကိုလ်ကျတော့ သွားပြီးတော့လည်း မဖမ်းဘူး။ တခြားနေရာတွေလည်း သူတို့ မဖမ်းဘူး။ နောက်ပြီးတော့ ပြချင်တယ်ဆိုလို့ရှိရင် ဒီဟာဝင်ဖမ်းစရာလည်း မလိုဘဲနဲ့ BGF ကိုပဲ ထိန်းချုပ်လိုက်ရင် ဒါက ကျားဖြန့်လုပ်ငန်းတို့၊ လောင်းကစားလုပ်ငန်း အကုန်လုံးက ပြတ်ထွက်သွားမှာပဲ။ ဒီလိုကျတော့လည်း သူတို့မလုပ်ဘူး။ သူတို့က အကျိုးအမြတ်လည်း သူတို့ခံစားရတော့ လွှတ်ထားပြီးတော့မှ အများအမြင် ဒါကို သူက လက်မခံဘူး၊ ရရင်ဖမ်းတယ်ဆိုတဲ့ သဘောမျိုးနဲ့ အခုလို အဖမ်းပြတဲ့သဘောပဲ ဖြစ်တယ်လို့ ကျနော်အနေနဲ့ ဒီလိုပဲ သုံးသပ်တယ်။”

KK Park စီမံကိန်းအတွင်း ဒရုန်းဗုံးကြဲ ဖောက်ခွဲဖျက်ဆီးတာနဲ့ပတ်သက်ပြီး BGF တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကစပြီး KK Park အွန်လိုင်းကျားဖြန့်လုပ်ငန်းကနေ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မလေးရှား၊ ကိုရီယားနဲ့ အာဂျင်တီးနား နိုင်ငံသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မြန်မာနိုင်ငံသားတွေကတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ မြို့တွေကို ပြန်လည်ဝင်ရောက်သွားကြတယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013