
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ အခုတလော ခြေလှမ်းသွက်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေတုန်းက မဲပေးသူ နည်းပါးပြီး စံချိန်မမီတဲ့ ရွေးကောက်ပွဲတွေကို အတင်းအကျပ် ကျင်းပပြီးတဲ့နောက်၊ အခုဆိုရင် ရွေးကောက်ပွဲအလွန် သမ္မတဆိုပြီး အရပ်ဝတ်အရပ်စားနဲ့ ထွက်ပေါ်လာပါတယ်။ ဇွန်လတုန်းက အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဆီ တရားဝင် သွားရောက်ခဲ့ပါတယ်။ ဇူလိုင်လဆန်းမှာ လာအိုကို သွားခဲ့သလို၊ ဩဂုတ်လမှာလည်း ထိုင်းနိုင်ငံကို သွားဖို့ရှိနေပါတယ်။ ဒါကြောင့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ သူ့ကို ပြန်လည်လက်ခံဖို့နဲ့ အမြန်ဆုံး ပုံမှန်ပြန်လည်ဆက်ဆံဖို့ အာဆီယံကို သံတမန်ရေးအရ ဖိအားပေးနေတာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ မင်းအောင်လှိုင်ကို အလျှော့ပေးတာ မြန်လွန်း၊ များလွန်းမယ်ဆိုရင် အာဆီယံရဲ့ ယုံကြည်ရမှုနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် သူတို့ဂုဏ်ယူဝင့်ကြွားနေတဲ့ ဗဟိုပြုမှုအခန်းကဏ္ဍဟာ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။ ပြန်ပြောရရင် မင်းအောင်လှိုင်ဟာ အရင်ကလည်း အာဆီယံကို လှည့်စားသွားခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက်၊ ၂၀၂၁ ဧပြီလ ဘရူနိုင်း ဥက္ကဋ္ဌသက်တမ်းမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို သူကိုယ်တိုင် သဘာတူ လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီ ၅ ရပ်ကတော့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့နဲ့ ပဋိပက္ခဖြစ်နေသူတွေကြား ညှိနှိုင်းပေးမဲ့အာဆီယံ အထူးကိုယ်စားလှယ် လာရောက်ခွင့်ပြုဖို့တို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်ဟာ အဲဒီအချက်တွေကို မလိုက်နာခဲ့ဘဲ၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ ငြိမ်းချမ်းတဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုကနေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အသစ်တွေ၊ အစဉ်အလာကြီးမားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) တွေ ပါဝင်တဲ့ မျက်နှာစာပေါင်းစုံက လက်နက်ကိုင် တော်လှန်ရေးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ နောက်ဆက်တွဲ ထိုးစစ်တွေကြောင့် ၂၀၂၃ နှောင်းပိုင်းမှာ မြန်မာစစ်တပ်ဟာ စစ်မျက်နှာအများအပြားမှာ အရေးနိမ့်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက စစ်တပ်ဟာ အတော်လေး အထိနာနေပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ဖြုတ်ချတာကို ခံရတော့မဲ့အနေအထားမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးဘက်က အဲဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်စွမ်း မရှိခဲ့ပါဘူး။ စစ်ရေးအရ အဟုန်ကောင်းနေသလို၊ တရားဝင်မှုအပြည့်အဝ ရှိနေပေမဲ့ စစ်မြေပြင်က အောင်ပွဲတွေကို အစားထိုး အုပ်ချုပ်ရေး အာဏာတခုအဖြစ် ပြောင်းလဲနိုင်မဲ့ နိုင်ငံရေးအရ စုစည်းညီညွတ်မှုနဲ့ ရဲရင့်ပြတ်သားမှုမျိုး တော်လှန်ရေးဘက်မှာ လုံလုံလောက်လောက် မရှိခဲ့ပါဘူး။ အာဏာမသိမ်းခင် ဆယ်စုနှစ်တခုစာ ပြုပြင်ပြောင်းလဲရေးကာလမှာ ကြီးပြင်းလာခဲ့ကြတဲ့ လူငယ်လက်နက်ကိုင် PDF တပ်ဖွဲ့တွေနဲ့ EAO တွေက စစ်အာဏာရှင်ကို တိုက်ခိုက်နေချိန်မှာ၊ တော်လှန်ရေးအတွက် နိုင်ငံရေးထိုးစစ်တခုနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်မှုတခု လိုအပ်နေခဲ့ပေမဲ့ NUG က ဒါကို မဖန်တီးနိုင်ခဲ့ပါဘူး။
NUG ဟာ အဖွဲ့အစည်းပိုင်းဆိုင်ရာ ကွဲလွဲမှုတွေရှိနေပြီး ပြည်တွင်းရော နိုင်ငံတကာမှာပါ ညီညွတ်တဲ့ ခေါင်းဆောင်မှုတခုကို ပြသနိုင်ဖို့ ရုန်းကန်နေရဆဲပါ။ လူငယ်တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာက အသက်စတေးပြီး တိုက်ပွဲဝင်နေကြပေမဲ့ သူတို့ရဲ့ စစ်ရေးအောင်မြင်မှုတွေကို နိုင်ငံရေးအဖွဲ့အစည်းပိုင်းက အမီမလိုက်နိုင်ခဲ့ပါဘူး။ တော်လှန်ရေးဘက်က အခွင့်အရေး ဆုံးရှုံးသွားတာဟာ သတ္တိမရှိလို့၊ ဒါမှမဟုတ် ပြည်သူ့ထောက်ခံမှု မရလို့ မဟုတ်ပါဘူး။ စစ်ရေးအောင်မြင်မှုတွေကို မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီနေရာမှာ အစားထိုးနိုင်မဲ့ နိုင်ငံရေးအာဏာတခုအဖြစ် အသွင်မပြောင်းနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
NUG က အချိန်ဆွဲ တုံ့ဆိုင်းနေပြီး၊ EAO တွေနဲ့ PDF တွေဘက်ကလည်း အဆုံးအဖြတ်ပေးမဲ့ အလဲထိုးချက်ကို မလုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ ဘေဂျင်းတရုတ်အစိုးရက ဝင်ပါလာပါတယ်။ ပဋိပက္ခ ကာလတော်တော်များများမှာ တရုတ်ဟာ အင်မတန် သတိထားပြီး ဟန်ချက်ညီအောင် ထိန်းတဲ့ဗျူဟာကို သုံးခဲ့ပါတယ်။ NUG ကို လျစ်လျူမရှုထားသလို၊ မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ အဆက်အသွယ် မပြတ်အောင် လုပ်ထားပေမဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီနဲ့လည်း လက်တွေ့ကျကျ ဆက်ဆံခဲ့ပါတယ်။ ဒီလို လက်တွေ့ကျကျ ချဉ်းကပ်တာဟာ ပိုက်လိုင်းတွေ၊ ဆိပ်ကမ်းတွေ၊ သတ္တုတွင်း စီမံကိန်းတွေနဲ့ နယ်စပ်တည်ငြိမ်ရေး စတဲ့ တရုတ်ရဲ့ ကြီးမားတဲ့ အကျိုးစီးပွားတွေကြောင့်ပါပဲ။ ဘေဂျင်းအနေနဲ့ နောက်ဆုံးမှာ ဘယ်ဘက်ကပဲ နိုင်နိုင် သူတို့နဲ့ မသင့်မမြတ် ဖြစ်သွားတာမျိုး မလိုချင်ခဲ့ပါဘူး။
ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်က စစ်တပ်ကို ဖြုတ်ချနိုင်စွမ်းမရှိဘူးလို့ တရုတ်ခေါင်းဆောင်တွေက ကောက်ချက်ချလိုက်တဲ့အခါမှာတော့ အခြေအနေတွေ ပြောင်းသွားပါတယ်။ မတည်ငြိမ်မှုတွေ ကြီးထွားလာတာနဲ့ မြန်မာနိုင်ငံ အကွဲကွဲအပြားပြားဖြစ်ပြီး အုပ်ချုပ်လို့မရတဲ့ အခြေအနေရောက်သွားမှာကို စိုးရိမ်တဲ့ တရုတ်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ကို နောက်ဆုတ်ဖို့ ဖိအားပေးခဲ့ပြီး ရှမ်းပြည်နယ် လားရှိုးမြို့ကစလို့ အရေးပါတဲ့ နယ်မြေတွေကို စစ်အာဏာရှင်ထံ ပြန်သိမ်းနိုင်အောင် လမ်းဖွင့်ပေးခဲ့ပါတယ်။ အဲဒီလို အသက်ရှူပေါက် ရသွားတဲ့အတွက် စစ်အာဏာရှင်ဟာ အင်အားပြန်လည်စုစည်းပြီး စစ်မြေပြင်မှာ အသာစီး ပြန်ရသွားပါတယ်။ ရုရှားရဲ့ စစ်ရေးအကူအညီ၊ စစ်မှုထမ်းဥပဒေ၊ နိုင်ငံတော်ရဲ့ သယံဇာတ အရင်းအမြစ်တွေကို ဆက်ပြီး ထုတ်ယူသုံးစွဲနိုင်မှုတွေနဲ့အတူ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုက မဟာဗျူဟာမြောက် အလေးသာမှုကို အဆုံးအဖြတ် ပေးလိုက်တာပါပဲ။
တရုတ်သာ အပြောင်းအလဲ မလုပ်ခဲ့ရင် စစ်အာဏာရှင်ဟာ ဆက်ပြီး ရပ်တည်နိုင်ပေမဲ့ အနိုင်ရမှာတော့ မဟုတ်ပါဘူး။ တရုတ်ရဲ့ အထောက်အပံ့နဲ့အတူ မင်းအောင်လှိုင်ဟာ နိုင်ငံရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ လုပ်ခဲ့တဲ့ မဲလိမ်မဲခိုး ရွေးကောက်ပွဲတွေဟာ အဲဒီမဟာဗျူဟာရဲ့ နောက်တဆင့်ပါပဲ။ လွတ်လပ်မှု၊ တရားမျှတမှု မရှိဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရပြီး၊ အဓိက အတိုက်အခံတွေ မပါဝင်သလို၊ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲ စံနှုန်းတွေနဲ့ ဘာတစ်ခုမှ မကိုက်ညီခဲ့ပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ ပြန်လည်အသက်သွင်းဖို့ မဟုတ်ဘဲ နိုင်ငံရေးအာဏာကို စုစည်းခိုင်မာအောင် လုပ်တာသာ ဖြစ်ပါတယ်။
သေချာစီစဉ်ဇာတ်တိုက်ထားတဲ့ အရပ်သားအစိုးရဆိုတဲ့ အခွံအောက်မှာ စစ်ဝတ်စုံကိုချွတ်ပြီး သမ္မတရာထူးကို ယူလိုက်ခြင်းအားဖြင့် မင်းအောင်လှိုင်ဟာ အာဏာသိမ်းခေါင်းဆောင်ကနေ နိုင်ငံတော်အကြီးအကဲအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ရွေးကောက်ပွဲတွေက ပြည်သူ့ထောက်ခံမှုနဲ့ တရားဝင်ဖြစ်တည်မှုကို မပေးနိုင်ခဲ့ပေမဲ့ သူ့အတွက်တော့ လိုအပ်တဲ့ အဆင့်တခုကို ကျော်ဖြတ်နိုင်ခဲ့သလို၊ စစ်အာဏာရှင်နဲ့ ဆက်ဆံရေး ပြန်လုပ်ချင်နေတဲ့ အစိုးရတွေအတွက်လည်း အဆင်သင့်သုံးလို့ရမဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဆင်ခြေတခု ရသွားစေခဲ့ပါတယ်။
ပြည်တွင်းမှာ အာဏာခိုင်မာသွားပြီဆိုတော့ အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေဆီကို ဦးတည်လာပါတယ်။ မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားရေး ခြေလှမ်းတွေဟာ မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဋ္ဌနေရာကို ပြန်တောင်းတာနဲ့၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ကိုယ်စားပြုနေတဲ့ ကုလသမဂ္ဂ နေရာကိုပါ ပြန်တောင်းလာတဲ့အထိ ကျယ်ပြန့်လာနိုင်ပါတယ်။ ပြောရရင် သူဟာ စစ်တပ် ရှင်သန်ရပ်တည်ရေးကနေ ဒေသတွင်းရဲ့ အသိအမှတ်ပြုမှု၊ နိုင်ငံရေးအရ လက်ခံမှုနဲ့ နောက်ဆုံးမှာ နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလာတဲ့အထိ အသွင်ပြောင်းဖို့ ကြိုးစားနေတာပါ။
ဒီလိုပြောင်းလဲလာတဲ့ သံတမန်ရေးရာ အခင်းအကျင်းဟာ အာဆီယံအတွက်တော့ ကြီးမားတဲ့ အကျပ်အတည်းတခုပါပဲ။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကတည်းက အရှေ့တောင်အာရှ အဖွဲ့အစည်းကြီးဟာ မြန်မာ့ပဋိပက္ခကို ဖြေရှင်းဖို့အတွက် သူတို့ရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကိုပဲ အဓိက မူဘောင်အနေနဲ့ အားထားခဲ့ရတာပါ။
လက်မှတ်ထိုးထားပေမဲ့လည်း မင်းအောင်လှိုင်က 5PC ကတိကဝတ်တွေကို လျစ်လျူရှုထားခဲ့ပြီး၊ အာဆီယံကလည်း ဘယ်လိုတုံ့ပြန်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေခဲ့ပါတယ်။ အခုဆိုရင် လာအို၊ ထိုင်းနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေက ရွေးကောက်ပွဲအလွန် မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရနဲ့ ဆက်ဆံဖို့ အလားအလာရှိနေချိန်မှာ၊ အာဆီယံအနေနဲ့ ထိုက်တန်တဲ့ အလျှော့ပေးလိုက်လျောမှုတွေ မရဘဲ အလောတကြီး မဆက်ဆံမိဖို့ သတိထားရပါလိမ့်မယ်။
ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာ မရှိတော့ဘူးဆိုတာ နောက်မှ သိရမယ်ဆိုရင်၊ အာဆီယံဟာ (တရုတ်နဲ့ ရုရှားကလွဲပြီး) တခြား အဓိက ပြင်ပမိတ်ဖက်နိုင်ငံတွေကြားမှာ သူတို့ရဲ့ ယုံကြည်ရမှုနဲ့ ဗဟိုပြုမှုကို ဆုံးရှုံးသွားနိုင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ ဒေါ်အောင်ဆန်းစုကြည် တခုခုဖြစ်ခဲ့ရင်၊ ဒီနှစ်နှောင်းပိုင်းနဲ့ နောက်နှစ်တွေမှာ လုပ်မဲ့ အာဆီယံထိပ်သီး အစည်းအဝေးတွေကို ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက သပိတ်မှောက်တာမျိုး လုပ်လာနိုင်ပါတယ်။ အလားတူပဲ ပြည်တွင်းစစ် ကာလအတွင်းမှာ စစ်အာဏာရှင်ကြောင့် မြန်မာပြည်သူ ထောင်ပေါင်းများစွာ သေဆုံး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့အတွက် မင်းအောင်လှိုင်ကို ပြန်လည်နေရာပေးတာဟာ အာဆီယံရဲ့ ပြင်ပဆွေးနွေးဘက် နိုင်ငံတချို့ကို အစည်းအဝေး မတက်အောင် တွန်းပို့သလို ဖြစ်သွားနိုင်ပါတယ်။
တချိန်တည်းမှာပဲ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရရဲ့ အရှိန်အဟုန်ကို တားဆီးချင်တယ်ဆိုရင်တော့၊ စစ်မြေပြင်ရဲ့ ဦးတည်ချက်တွေကို ပြောင်းလဲပစ်ရပါလိမ့်မယ်။ ဒါ့အပြင် ပြည်တွင်းစစ်ရဲ့ အခြေအနေကို သူတို့ဘက် အမြန်ဆုံး အသာစီးရအောင် ပြောင်းလဲဖို့လိုပါတယ်။ NUG ခေါင်းဆောင်ပိုင်းတခုလုံးကို ပြုပြင်ပြောင်းလဲပြီး နိုင်ငံတွင်းမှာ တကယ်တမ်း တိုက်ပွဲဝင်နေကြတဲ့ မျက်နှာသစ် လူငယ်တွေနဲ့ အစားထိုးတာမျိုးတွေ လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
အာဆီယံအတွက်ကတော့ ပြန်လည်ဆက်ဆံရေးဟာ ရှောင်လွှဲလို့မရတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်မတိုင်ခင် အလောတကြီး ပြန်လည်ဆက်ဆံတာဟာ အာဏာဖီဆန်မှုကို ဆုချလိုက်သလိုဖြစ်ပြီး၊ အာဆီယံရဲ့ ယုံကြည်ရမှုကို လျော့ကျစေတဲ့အပြင်၊ အဖွဲ့အစည်းရဲ့ အရေးပါမှုနဲ့ ထိရောက်မှုတွေအတွက် အဓိက မှီခိုနေရတဲ့ အာဆီယံ ဗဟိုပြုမှုကိုလည်း အားနည်းသွားစေပါလိမ့်မယ်။
သီတီနန်ဖုန်းဆူထိရက်ခ်
Ref: Bangkok Post
စာရေးသူ၏ ကိုယ်ရေးအကျဉ်း
သီတီနန်ဖုန်းဆူထိရက်ခ် (Thitinan Pongsudhirak - PhD) ဟာ ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံဌာနခွဲအောက်မှာရှိတဲ့ လုံခြုံရေးနဲ့ နိုင်ငံတကာလေ့လာရေး အင်စတီကျုမှာ ပါမောက္ခနဲ့ အကြီးတန်းသုတေသီတဦး ဖြစ်တယ်။ ဒါ့အပြင် လန်ဒန် စီးပွားရေးကျောင်ရဲ့ အရှေ့တောင်အာရှ စင်တာမှာလည်း ပြင်ပပူးတွဲသုတေသီ တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။)











