DVB Logo
Home
Lead Story
မအလနဲ့ ငရဲသားတသိုက်သို့ ရာဇသံ
DVB
·
October 28, 2025
မအလနဲ့ ငရဲသားတသိုက်သို့ ရာဇသံ
Donate to DVB

ကိုယ်သေသွားတာတောင် ကိုယ်မသိလိုက်ဘူးလို့ ဘကြီးရဲ့စတိုင်အတိုင်း အရင်းမရှိ အဖျားမရှိ ဖုန်းဝင်ပြီဆိုတာနဲ့ ဘာမှန်းမသိတဲ့ အကြောင်းအရာနဲ့ စဖွင့်လိုက်တယ်။

“ငါ့တူကြီး အားရဲ့လား” လို့ ဆိုပြန်တော့ သေချာတယ်။ ဘကြီးမှာ ပြောစရာတွေ သိပ်များနေပြီ ဆိုတဲ့ သင်္ကေတ။ အားတယ်၊ မအားဘူး ဆိုတာကို ပြန်မပြောရသေးခင်မှာပဲ ဘကြီးက တန်းလွှတ်တော့တယ်။

“ဟိုကောင်တွေကတော့ ဘကြီးကို သေစာရင်းသွင်းလိုက်ကြပြီ” တဲ့။ ဟိုကောင်တွေ ဆိုတာက ဘယ်သူမှန်း မသိလေတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆွေမျိုးသားချင်း တယောက်ယောက်ကများ အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ဘကြီးကို စာမလာ သတင်းမမေးနဲ့ အဆက်အသွယ်ဖြတ်ထားလို့ ပြောနေသလား ထင်မိ။ ဒါနဲ့ ဟိုကောင်ဆိုတာ ဘယ်အကောင်ကြီးတုံးလို့ မေးကြည့်မိတယ်။

“မအလနဲ့ ငရဲသားတသိုက်” လို့ ဘကြီးက ပြန်ဖြေတော့ နားဝေတိမ်တောင် ဖြစ်ရပြန်တယ်။

“တနေ့က မင်းညီ မဲစာရင်းသွားကြည့်တာ ဘကြီးနာမည် မပါလို့ ဘကြီးတော့ ရှောသွားပြီ လုပ်နေတာနဲ့ သေချာအောင် အခုမနက်လေးတင်ပဲ ကိုယ်တိုင်သွားကြည့်တာ တကယ်မပါလာလို့ ဒီကောင်တွေက ဘကြီးကို သေစာရင်းသွင်းလိုက်တာလို့ ပြောတာ”

“အဲဒါနဲ့ ဘကြီးက ငါ့ကို သေစာရင်းမသွင်းကြပါနဲ့ကွာ ဆိုပြီး မဲပေးဖို့ ပြန်လျှောက်လိုက်တာလား”

“ဝေးသေးကွာ၊ ပျော်ပြီး ပြန်လာတာ။ ဒင်းတို့ကိုလည်း ဘကြီးက သေစာရင်းထည့်ထားတာ ကြာပြီ။ ဘာမဲမှ ပေးစရာအကြောင်းမရှိဘူး။ မဲစာရင်းထဲ မပါတော့ မဲမပေးလို့ဆိုပြီး ရန်လာလုပ်လို့လည်း မရတော့ဘူး” လို့ ဘကြီးက ခပ်ရွှင်ရွှင် ပြန်ပြောတယ်။

ဒါနဲ့ ဘကြီးရဲ့တူ၊ ကျနော့်ဝမ်းကွဲညီ ဟိုစပ်စပ် ဒီစပ်စပ်ကောင်က ဘာအကြောင်းကြောင့် မဲစာရင်း သွားကြည့်ရတာလဲလို့ ထပ်မေးကြည့်တော့ အတင်းပြော အာချောင်ချင်လို့ သွားကြည့်တာတဲ့။ နားမလည်လို့ ထပ်မေးကြည့်တော့ ပက်ပက်စက်စက်မှားနေတဲ့ မဲစာရင်းတွေကို ဖွချင်လို့ပါတဲ့။

“မင်းညီက လူလည်၊ လက်ဖက်ရည်ဆိုင်မှာဆို ဘာမှ အာမချောင်ဘူး။ အိမ်ရောက်မှ အကောင့်တု သုံးခုလောက်နဲ့ Group Page တွေမှာ မဲစာရင်းမှားတာကို ဟာသလုပ်ပြီး ဖွတာ” လို့ဆိုကာ ဝမ်းကွဲညီ တင်ထားတဲ့ ပို့စ်တခုကို ပြတယ်။

“မဲစာရင်းလိုက်ကောက်တဲ့ ဆယ်အိမ်ခေါင်းလည်း မပါ၊ ဖာခေါင်းလည်းမပါ၊ အမတ်ခေါင်းလည်း မပါ၊ ၇၀ ကျော်ဆို အကုန်အသေ၊ ဒီနေ့အတွက် စပါယ်ရှယ်မီနူးက ကြွေမိတဲ့ မဲစာရင်း ရယ်ချင်ရင် သွားကြည့်” တဲ့။ ကဲ၊ ကြည့်စမ်း နာလောက်ပေတဲ့ ပြောင်မြောက်တဲ့ အရေးအသား။ ပို့စ်ပိုင်ရှင်ကို သိလို့ကတော့ တခါတည်း ရိုက်မသတ်ရင်တောင် အနည်းဆုံး ထောင် ၁၀ နှစ် တန်းချခံရမယ့်ပုံ။

အဲဒီလို စပ်စပ်စုစုသမားတွေရဲ့ မှတ်ချက်အရ ဘကြီးတို့ တောမြို့လေးမှာတောင် မဲစာရင်းရဲ့ ရာခိုင်နှုန်း ၄၀ လောက်က မှားနေတယ်လို့ ဆိုတယ်။ ဘယ်လောက်ထိ ကယောက်ကယက် ဖြစ်နေတဲ့ မဲစာရင်းလဲ ဆိုတော့ မိသားစု တစုတည်းမှာတောင် လင်က အမှတ်စဉ် ၁၀ မှာ ပါတယ်ဆို မယားက အမှတ်စဉ် ၁၅၀ လောက် ရောက်နေသတဲ့။

“မဲစာရင်းသွားကြည့်တာကတော့ ကြံ့ဖွတ်နဲ့ အပေါင်းအပါတစုပေါ့ကွာ။ ကျန်တာကတော့ မဲစာရင်း အခြေအနေသိရအောင် သွားစပ်စုတဲ့ မင်းညီတို့လို နည်းနည်းပါးပါး သွားတာလောက်ပဲ” လို့ ဘကြီးက ဆက်ပြောတယ်။

စိတ်ချရတဲ့ သတင်းပေ့ချ်တွေကို ကောက်လှန်ကြည့်တော့ မဲစာရင်းမှားတာတွေက တနိုင်ငံလုံးအနှံ့ သောက်သောက်လဲ။ မမှားဘူးဆိုရင် မဲစာရင်းမဟုတ်တော့တဲ့အတိုင်း။ အတည်မပြုနိုင်တဲ့ သတင်းတရပ်က မွန်ပြည်နယ်မှာ မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း နာမည်တောင် မဲစာရင်းထဲမပါလို့ ခွက်ထိုးခွက်လန် ရယ်ကြရသေးဆိုပဲ။

၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလို ပြည်သူတွေ တက်တက်ကြွကြွနဲ့ မဲစာရင်း သွားကြည့်ကြမယ်ဆိုရင် ဘယ်လောက်တောင် ဗြောင်းဆန်နေအောင် မှားတာတွေ ကြားရမလဲမသိ။ အခုတော့ ပြည်သူတွေက ဘူးဆို ဖရုံမသီး။ အဲဒီမဲစာရင်း ငါတို့နဲ့ ဘာမှမဆိုင်ဘူးလို့ လှေနံဓားထစ်။

ဒါနဲ့ ရန်ကုန်မြို့အခြေအနေ သိရအောင် အသက် ၅၀ ကျော်အရွယ် ရန်ကုန်မြို့ကြီးသား သူငယ်ချင်းကို မဲစာရင်းသွားကြည့်ဖြစ်သေးလားလို့ လိုင်းပေါ်ကနေ လှမ်းမေးကြည့်တော့ အငေါက်ခံရတယ်။ “ငါက သောက်ရေးသောက်ရာလုပ်ပြီး ဘာကိစ္စသွားကြည့်ရမှာလဲ” တဲ့။ သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ နေသူမို့ တခြားသူတွေရော လာကြည့်တာ တွေ့သေးလားလို့ ထပ်မေးကြည့်တော့ အဖက်လုပ်ပြီး သေးကော့ပန်းတဲ့သူတောင် မမြင်ဖူးဘူးလို့ ငေါ့တယ်။

ပထမ မင်းအောင်လှိုင်ခန့် တရားမဝင်ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၁၃ အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေမှာ ပထမအကြိမ် မဲစာရင်းကပ်တယ်တဲ့။ ပြည်သူတွေ မဲစာရင်းလာကြည့်ကြ၊ မှားနေရင် ဒါမှမဟုတ် မဲစာရင်းထဲ မပါရင် သတ်မှတ်ပုံစံအတိုင်း ပြင်ကြ ဖြည့်ကြ။ ပြီးရင် နိုဝင်ဘာကျ နောက်ဆုံးအကြိမ် ထပ်ကပ်မယ်ပေါ့။ ဒါပေမဲ့၊ မဲစာရင်း ကပ်ကပ်ချင်းမှာပဲ ပြည်သူတွေက ဆောက်နဲ့ထွင်းကာ လာကြည့်သူက သိပ်နည်းနေတော့ အောက်တိုဘာ ၂၀ အထိ တပတ်ထပ်တိုးကာ မဲစာရင်းကပ်သတဲ့။

ရက်ထပ်တိုးတော့ရော လာကြည့်ကြသလားဆိုတော့ ရန်ကုန်အထူးပြု နွေဦးတော်လှန်ရေး စာမျက်နှာ Rangoon Scout Network တာဝန်ရှိသူတဦးက ရန်ကုန်မှာ မဲစာရင်းလာကြည့်ဖို့ လော်စပီကာနဲ့ လိုက်အော်တာတွေသာ တိုးလာပြီး ပြည်သူတွေကတော့ အရင်အတိုင်း နိုး ပါပဲလို့ သတင်းတပုဒ်မှာ ပြောထားတာ တွေ့ရတယ်။

သွားမကြည့်ကြတော့ မှားတာတွေက မှားတဲ့အတိုင်း၊ မှားတာတွေ မှန်သွားလို့လည်း ပြည်သူတွေက တရားမဝင် ရွေးကောက်ပွဲကို မဲသွားထည့်မှာမို့လား။ ဒါကို ကြိုသိနေတဲ့ စစ်အုပ်စု လော်ဘီချန်နယ်တခုက မဲစာရင်းလာမကြည့်လည်း ဂရုမစိုက်၊ မဲလာမထည့်လည်း ရွေးကောက်ပွဲ မပျက်ဘူးလို့ ကြောက်ကန်ကန်တာ တွေ့ရတယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်လို့ ပြောင်ပြောင်တင်းတင်း အာဏာသိမ်းထားတဲ့ စစ်တပ်မဲစာရင်း လာမကြည့်တာလောက်က ယားယံရုံလောက်သာ ရှိမှာက သေချာတယ်။ တကယ်လည်း ပြည်သူတွေ မဲလာမထည့်လို့ ရွေးကောက်ပွဲ မပျက်။ တရားမဝင်ရွေးကောက်ပွဲ လုံးဝပျက်အောင် တော်လှန်ရေးအင်အားစု ဘက်က ဖျက်နိုင်စွမ်းမရှိတာလည်း အမှန်။

တရားမဝင်ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီသာ ပြိုင်ဘက်မရှိ အနိုင်ရမှာလည်း သေချာရုံတင်မက မင်းအောင်လှိုင် စိတ်ကြိုက် တရားမဝင်အစိုးရအဖွဲ့ အခုကတည်းက လူရွေးချယ်ထားပြီးသား။ ရွေးကောက်ပွဲပြီးရင် မင်းအောင်လှိုင်ကပဲ တရားမဝင်သမ္မတ၊ ဒါမှမဟုတ် တရားမဝင်သမ္မတရဲ့ အထက် ပြိုင်ဘက်မရှိ နံပါတ်ဝမ်းဆိုတာလည်း မြေကြီးလက်ခတ်မလွဲ။

တရားမဝင် ရွေးကောက်ပွဲဆိုတာ အပေါ်ယံ ဟန်ပြလုပ်ငန်းစဉ်ပဲဆိုတာ ပြည်သူတွေ ကောင်းကောင်းသိတယ်။ ပြည်သူတွေက ဒီရွေးကောက်ပွဲ လွတ်လပ်ပါ့မလား၊ မျှတပါ့မလား စောင့်ကြည့်မနေ။ အာဏာသိမ်းထားတဲ့ စစ်အုပ်စုမှာ ရွေးကောက်ပွဲလုပ်ခွင့် မရှိဘူးလို့ ပြတ်ပြတ်သားသား နားလည်ထားပြီးသား။

ဒါ့ကြောင့် အခု မဲစာရင်းကြည့်ကြဆိုတော့ ပြည်သူတွေက ရာဇသံပေးလိုက်တယ်။ တရားမဝင် ရွေးကောက်ပွဲ ဆိုတာကို ပြည်သူတွေက အသံတိတ်သပိတ်လို့ ဖွင့်ဆိုကြမယ့်ပုံပဲ။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013