DVB Logo
Home
နိုင်ငံတကာ
PKK စစ်သွေးကြွအဖွဲ့ တူရကီမှ ဆုတ်ခွာမည်
DVB
·
October 28, 2025
PKK စစ်သွေးကြွအဖွဲ့ တူရကီမှ ဆုတ်ခွာမည်
Donate to DVB

ကာဒစ္စတန် အလုပ်သမားပါတီ (PKK) စစ်သွေးကြွအဖွဲ့က တူရကီအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ လက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် တူရကီကနေ ဆုတ်ခွာသွားမယ်လို့ အောက်တိုဘာ ၂၆ ရက်မှာ ပြောခဲ့ပြီး နိုင်ငံရေးမှာ ပါဝင်ခွင့်ပြုဖို့ တူရကီအစိုးရကို ဖိအားပေးခဲ့ပါတယ်။

၁၉၈၄ ခုနှစ်ကစပြီး တူရကီနိုင်ငံကို ပုန်ကန်နေတဲ့ PKK ဟာ ထောင်ချခံထားရတဲ့ ခေါင်းဆောင် အဗ္ဗဒူလာ အိုကာလန်က လက်နက်ကိုင်တိုက်ပွဲကို အဆုံးသတ်ဖို့ တောင်းဆိုပြီးတဲ့နောက် မေလမှာ လက်နက်ဖြုတ်သိမ်းဖို့နဲ့ အဖွဲ့ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် လူပေါင်း ၄ဝ,ဝဝဝ ကျော် သေဆုံးခဲ့တာပါ။ အီရတ်မြောက်ပိုင်းက အဖွဲ့ရဲ့ အခိုင်အမာနေရာဖြစ်တဲ့ ခန်းဒေးလ်တောင်တန်းတွေမှာ လုပ်တဲ့ အခမ်းအနားတခုအတွင်း ဖတ်ကြားခဲ့တဲ့ ကြေညာချက်ထဲမှာ PKK က လွတ်လပ်ရေး၊ ဒီမိုကရေစီနဲ့ ညီအစ်ကိုဘဝအတွက် အုတ်မြစ်ချဖို့ စစ်သွေးကြွအားလုံးကို တူရကီကနေ ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီခြေလှမ်းဟာ လက်နက်ဖျက်သိမ်းရေးနဲ့ ပေါင်းစည်းရေးလုပ်ငန်းစဉ်အပေါ် အဖွဲ့ရဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်။

တူရကီအစိုးရက ပေါင်းစည်းရေးဥပဒေတွေကို အတည်ပြုခြင်းအားဖြင့် ‘ဒီမိုကရေစီနိုင်ငံရေး’ ဆီ ကူးပြောင်းဖို့ PKK အတွက် လမ်းခင်းပေးသင့်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

တနင်္ဂနွေနေ့ပွဲမှာ အကြီးတန်းအရာရှိတယောက်က ကြေညာချက်ကို ဖတ်ကြားချိန် နောက်ခံမှာ အိုကာလန်ရဲ့ ဓာတ်ပုံကြီးကို ထင်ထင်ရှားရှား ပြထားပြီး PKK တိုက်ခိုက်ရေးသမား နှစ်ဒါဇင်လောက်က အုပ်ဖွဲ့ မတ်တတ်ရပ်နေခဲ့ပါတယ်။

တူရကီသမ္မတ တေယစ် အာဒိုဂံရဲ့ အာဏာရ AK ပါတီ ပြောရေးဆိုခွင့်ရှိသူ အိုမာ ချီလစ်ခ်က PKK ရဲ့ ဆုတ်ခွာဖို့ ဆုံးဖြတ်ချက်ဟာ အစိုးရရဲ့ ‘အကြမ်းဖက်မှုကင်းစင်တဲ့ တူရကီ’ ဖြစ်ရေး ရည်မှန်းချက်ရဲ့ ခိုင်မာတဲ့ ရလဒ်တခုဖြစ်ပြီး လုပ်ငန်းစဉ်ရဲ့ ဥပဒေရေးရာအပိုင်းအတွက် လွှတ်တော်ကော်မရှင်က တည်ထောင်မယ့် ‘အပြုသဘောဆောင်တဲ့ မူဘောင်’ ကို ပုံဖော်ရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ X လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။

လတ်တလောနှစ်တွေအတွင်း PKK ရဲ့ ရည်မှန်းချက်တွေဟာ လွတ်လပ်တဲ့ နိုင်ငံတခု တည်ထောင်ရေး ကြိုးပမ်းချက်ကနေ အဓိကအားဖြင့် တူရကီ အရှေ့တောင်ပိုင်းက ကာ့ဒ် အခွင့်အရေးတွေနဲ့ အကန့်အသတ်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ကြိုးပမ်းမှုဆီ ပြောင်းလဲသွားခဲ့ပါတယ်။

တူရကီက ကာ့ဒ်အခွင့်အရေးတွေကို ကာကွယ်ပေးပေမဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို ခွင့်မပြုဘူးလို့ ပြောခဲ့ပါတယ်။

NATO အဖွဲ့ဝင် တူရကီနိုင်ငံမှာ PKK နဲ့ ပဋိပက္ခ အဆုံးသတ်ခြင်းဟာ တူရကီအစိုးရက PKK ရဲ့ လက်အောက်ခံလို့ ယူဆထားပြီး အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေရှိရာ အိမ်နီးချင်း ဆီးရီးယားနိုင်ငံ အပါအဝင် ဒေသတွင်းမှာပါ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013