DVB Logo
Home
မြန်မာသတင်း
ဒိုက်ဦးထောင်တွင်  နိုင်ငံရေးအကျဉ်းသူများကို အလုပ်စေခိုင်းနေ
DVB
·
October 28, 2025
ဒိုက်ဦးထောင်တွင်  နိုင်ငံရေးအကျဉ်းသူများကို အလုပ်စေခိုင်းနေ
Donate to DVB

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ အကျဉ်းသူတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသူတွေနဲ့ ပြစ်ဒဏ်မချရသေးတဲ့ အကျဉ်းသူတွေ အားလုံးကို အကျဉ်းထောင် အာဏာပိုင်တွေက အလုပ်စေခိုင်းတာ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)က အောက်တိုဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးအကျဉ်းသူတွေကို စိုက်ပျိုးရေးလုပ်ငန်း၊ ရေကန်သန့်ရှင်းရေး၊ ရေကန်အစောင့်၊ မိလ္လာသန့်ရှင်းရေအပါအဝင် ထောင်အာဏာပိုင်တွေရဲ့ ဝေယျာဝိစ္စကိစ္စရပ်တွေကိုပါ အလုပ်ခိုင်းစေမှုတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသူတွေနဲ့ နိုင်ငံရေးအကျဉ်းသူအရေးကူညီ စောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့တာဝန်ရှိသူတယောက်က “ဒီအကျဉ်းထောင်အလုပ်တွေ ဖြစ်တဲ့ သန့်ရှင်းရေးတို့၊ ဘာယာဆောက်တာတို့၊ စိုက်ပျိုး‌ရေးတို့၊ သူတို့အကျဉ်းထောင်ကနေ လုပ်ဆောင်ရမယ့် ဈေးဘားလုပ်တာတို့၊ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ ဝေယျာဝိစ္စတို့ အဲဒါတွေ အကုန်လုံးခိုင်းစေခံရတာပါ။ အကုန်လုံးကို ချွင်းချက်မရှိ နိုင်ငံရေးအကျဉ်းသူတွေအားလုံးကို အလုပ်ခိုင်းစေမှုရှိပါတယ်။ ညဘက် ဘာယာဆောက်ရတာတို့ဆိုရင်လည်း ကျန်းမာရေး အဆင်မပြေ တဲ့သူတွေ၊ အိပ်ရေးပျက်လို့ မရတဲ့သူတွေဆိုရင် ဒါက အခြေအနေဆိုးတဲ့ကိစ္စပါ။ အကျဉ်းထောင်အလုပ်တွေကို မလုပ်လို့ရှိရင် လျှော့ရက်မရဘူး၊ မပေးဘူး၊ ပြီးရင် ထောင်ဝင်စာ ပိတ်မယ်တို့၊ အလုပ်မလုပ်တဲ့အတွက် အကျဉ်းထောင်ဥပဒေတွေနဲ့ အရေးယူလို့ရတယ်လို့ ခြိမ်းခြောက်ပြောဆိုတာလည်းရှိပါတယ်။ ခုလက်ရှိဆိုရင် အလုပ်မလုပ်နိုင်တဲ့သူဆိုရင် ဒိုက်ဦးအကျဉ်းထောင်မှာ ပါဆယ်ပို့ခွင့် ပိတ်လိုက်တာတို့ ဖြစ်နေပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ခိုင်းစေမှုတွေကို ငြင်းဆန်ရင် ဒိုက်ဦးအကျဉ်းထောင် အမျိုးသမီးဆောင်မှ အဆောင်မှူး ဒေါ်ဇင်မာကြည်အောင်ကနေပြီး  အကျဉ်းထောင်ဥပဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုတာအပြင် ပါဆယ်ပို့ခွင့်ပိတ်ပင်တာ၊ တိုက်ပိတ်အကျဉ်းချတာတွေကိုပါ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး အလုပ်မလုပ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ၂ ပတ်တခါ အကျဉ်းထောင်တွင်းပါဆယ်ပို့ရာမှာ ပါဆယ်ဟင်း ၂ မျိုး ၊ ကော်ဖီ ၇ ထုပ်နဲ့ ခေါက်ဆွဲ ၅ ထုပ်သာ ပေးပို့ခွင့်ရှိတော့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေမှာ အကျဉ်းထောင်လက်စွဲ ဥပဒေတွေကို လိုက်နာတာမရှိတော့ဘူးလို့ ဝါရင့်တရားလွှတ်တော်ရှေ့နေ့  ဦးကြီးမြင့်က ပြောပါတယ်။

“အမှန်မှာတော့ အကျဉ်းထောင်လက်စွဲ ဥပဒေအရဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်ကြမ်းမခိုင်းဘူး။ တရားရုံးအမိန့်စာမှာဆိုရင်လည်း အလုပ်ကြမ်းနဲ့‌ ‌ထောင်ဒဏ်ဆိုတာပါမှဘဲ ခိုင်းခွင့်ရှိတာပါ။ အလုပ်ကြမ်းနဲ့ဆိုတဲ့အရာမပါရင် မခိုင်းပါဘူး။ ဒီလိုစနစ်တကျနဲ့ လူသေစေတဲ့အထိ လုပ်တာကတော့ ဒီမင်းအောင်လှိုင်လက်ထက်မှာပဲဖြစ်တာပါ။ ဒီလိုပဲ အမျိုးသမီးအကျဉ်းသားတွေ ဆိုရင်လည်း အလုပ်ကြမ်းတွေမခိုင်းရဘူး။ အမျိုးသမီးအကျဉ်းသားတွေကို ဆက်ဆံတဲ့နေရာမှာ အမျိုးသားတွေက ဝင်ရိုက်တာတို့ မလုပ်ရဘူး။ အကျဉ်းထောင်လက်စွဲ ဥပဒေမှာ ကိုယ်တိုင်ပြဋ္ဌာန်းထားတာပါ။ ခုကတော့ လူလိုကိုမဆက်ဆံတော့တာပါ။ အမျိုးသမီးတွေအပေါ်မှာ ဒီလိုလုပ်တာကတော့ အဆိုးဆုံးပေါ့။”

တဖက်မှာလည်း နိုင်ကျဉ်းသူတွေကို အလုပ်အတင်းအကျပ်ခိုင်းနေစေနေပြီး ဖိနှိပ်မှုတွေ ပြုလုပ်နေတာ တမင်ရည်ရွယ်ချက်ရှိရှိပြုလုပ်နေတာသာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း အကျဉ်းထောင်တိုင်းလိုလိုမှာ နိုင်ငံရေးအကျဉ်းသူ/ အကျဉ်းသားတွေဟာ ညှဉ်းပန်းနှိပ်စက်ခံရပြီး လုံလောက်တဲ့ ဆေးကုသခံယူခွင့်တွေ ဆုံးရှံးနေကြရသလို လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေဟာလည်း ဆက်တိုက်ရှိနေဆဲပါ။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၇,၄၀၅ ယောက်အထိ သေဆုံးခဲ့ရပြီး  ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၈၆၈ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ  ၂၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013