DVB Logo
Home
မြန်မာသတင်း
ဒိုက်ဦးထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသူများကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေ
ဝေဝေ
·
September 8, 2026
ဒိုက်ဦးထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသူများကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်နေ
Donate to DVB

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေကို အာဟာရ ပြတ်လပ်စေဖို့နဲ့ ကျန်းမာရေးထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးအကျဉ်းသူတွေကို နေပူမိုးရွာမရှောင် အလုပ်ကြမ်းတွေ အတင်းအကျပ် ခိုင်းစေတာ၊ အလုပ်လုပ်ဖို့ ငြင်းဆန်သူတွေကို တိုက်ပိတ်တာနဲ့ ရိုက်နှက်ညှဉ်းပန်းတာတွေအပြင်  တချိန်တည်းမှာ အကျဉ်းထောင်အတွင်း အစားအသောက်နဲ့ ဆေးဝါးရရှိမှုတွေကို ကန့်သတ်ထားတာကြောင့် နိုင်ငံရေးအကျဉ်းသူတွေရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ WOPP ပြန်ကြားရေးတာဝန်ခံ မစုမြတ်က DVB ကို ပြောပါတယ်။

“အဓိကကတော့ နိုင်ငံရေးကျဉ်းသူတွေကို အလုပ်ကြမ်းစေခိုင်းတယ်။ အလုပ်ကြမ်းစေခိုင်းတာကို ငြင်းဆန်တဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ပိတ် အကျဉ်းချတာတွေ၊ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်တာတွေ လုပ်တယ်။ ဒါပေမဲ့ အခုလိုမျိုး နေပူမိုးရွာမရှောင် အလုပ်ကြမ်း စေခိုင်းနေတာကျတော့ သူတို့အနေနဲ့ စွမ်းအင်ကုန်ခန်းတယ်။ ထုတ်ပြန်ထားတဲ့အတိုင်း Group C အဖြစ် သတ်မှတ်ပြီးတော့ အကျဉ်းထောင်တွင်း သွင်းခွင့်ရတဲ့ ထောင်ဝင်စာ ပါဆယ်တွေကို ဟင်းနှစ်မျိုးပဲ သွင်းခွင့်ပေးတယ်။ တဖက်ကကျတော့ စွမ်းအင်ကုန်ခန်းအောင် လုပ်တယ်။ တဖက်ကကျတော့ အာဟာရဖြည့်တင်းဖို့အတွက် လိုအပ်တဲ့ အာဟာရကို သွင်းခွင့်မပေးဘူး။ ဒါ့အပြင် ဒီ နေ့စဉ် ပုံမှန်လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း ထောင်ဝင်စာသွင်းခွင့်ကို ပိတ်ပင်ထားတယ်။ ဒီနိုင်ငံရေးကျဉ်းသူတွေ အနေနဲ့ ကျန်းမာရေးဆိုးရွားလာတဲ့ အခြေအနေတွေ ကတော့ သူတို့ မကြာခဏ မူးဝေလဲ ပြုတာတွေ ဖြစ်တယ်။ ကိုယ်ခံအားကျဆင်းပြီးတော့ ရောဂါအလွယ်တကူ ဖြစ်စေတဲ့ အခြေအနေတွေ ရှိတယ်။ ဒီ နိုင်ငံရေးကျဉ်းသူတွေကို စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့ ပြောလို့ရပါတယ်။”

WOPP ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသူတွေရဲ့ မိသားစုတွေ ပို့ပေးတဲ့ အစားအသောက်တွေကို အပြည့်အဝမရရှိဘဲ ဟင်းတပိဿာပို့ရင် ၂၅ ကျပ်သားလောက်သာ ရောက်ရှိပြီး ကျန်တာတွေကို ဝန်ထမ်းတွေက ကြားဖြတ်ယူကာ ပြန်လည်ရောင်းချတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မိသားစုတွေ ပို့ပေးတဲ့ ဆေးဝါးတွေကိုလည်း အပြည့်အဝ ထုတ်မပေးဘဲ ပျောက်ဆုံးတယ်လို့ဆိုကာ ထောင်တွင်းမှာ ဈေးနှုန်းမြင့်မြင့်နဲ့ ပြန်လည်ရောင်းချတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လစဉ်သုံးပစ္စည်းနဲ့ တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ သွင်းခွင့် ကန့်သတ်ထားပြီး အရည်အသွေးညံ့တဲ့ ပစ္စည်းတွေကိုသာ အသုံးပြုနေရသလို အဝတ်အစားတွေကိုလည်း သတ်မှတ်ချက်အတိုင်း သွင်းခွင့်မပေးဘဲ ထောင်တွင်းမှာ ဈေးနှုန်းနဲ့ ပြန်လည်ရောင်းချတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒိုက်ဦးအကျဉ်းထောင်တွင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေကို  တော်လှန်ရေးကာလအတွင်း အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတယောက်က ပြန်ပြောပြပါတယ်။

“ICRC ဝင်လာတဲ့အချိန်မှာ ICRC နဲ့ တွေ့တယ်၊ တိုက်ရိုက်စကားပြောတယ်ဆိုတဲ့ အကျဉ်းသူတွေ အားလုံးကို အကြောင်းပြချက်တခုစီ တခုစီ ခွဲပြီးတော့ တိုက်ထဲကို ဆွဲသွင်းသွားတဲ့ ကိစ္စတွေဟာ ဘယ်သူမှလည်း လိုက်ပြီး မေးလို့မရဘူး။ အဲဒီလိုနဲ့ပဲ ကျမတို့ ပေးလိုက်တဲ့ ပါဆယ်တွေ၊ ကျမတို့ ပို့လိုက်တဲ့ ပစ္စည်းတွေဟာ သူတို့ဆီ ရောက်ခြင်း၊ မရောက်ခြင်း ဆိုတာကစ ဘာမှမသိဘဲနဲ့ ဖြတ်တောက်ခြင်းခံခဲ့ရတာ တကြောင်း။ မွေးလူနာက မွေးရတော့မှာက due ဒိတ်က မနက်ဖြန်လို့ ပေးထားတာ၊ ဒီနေ့လို ညအထိကို ဆေးရုံမထုတ်ပေးသေးဘူး။ အထူးသဖြင့် နိုင်ကျဉ်းတွေအပေါ်မှာ သူတို့က အဲဒီလိုမျိုး ပိုပြီးတော့မှ လုပ်တယ်။ ဇင်မာကြည်အောင် ရောက်လာတဲ့အချိန်မှာ ပိုပြီးမှ ဆိုးပြီးတော့ ပိုပြီးမှ action တွေနဲ့ပါ ခိုင်းတာမျိုးတွေ ဖြစ်လာတယ်။ ဒါမလုပ်ရင် ဒါမရဘူး။ ဒီလိုမျိုးမလုပ်ရင် တိုက်ထဲဝင်ရမယ် ဆိုတာမျိုးတွေပေါ့။ တိုက်ထဲဝင်သွားတာ ဘာအကြောင်းပြချက်နဲ့ ဝင်လဲဆိုတာ လာမမေးနဲ့၊ သိချင်ရင် လိုက်သွားဆိုတဲ့ ဥစ္စာမျိုးတွေအထိ ကျမတို့ တအား ကြမ်းတမ်းတဲ့ ရက်စက်တဲ့ အပြုအမူတွေ အမျိုးမျိုးနဲ့ ကျမတို့ ပြုမူခံရတယ်။”

WOPP အပါအဝင် နိုင်ငံရေးအကျဉ်းသူတွေ အားလုံးက အခုလို လုပ်ဆောင်နေတဲ့ အမျိုးသမီးဆောင် ဦးစီးအရာရှိ အပါအဝင် အကျဉ်းဦးစီးဌာနက အမျိုးသမီးဆောင် ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စောင့်ကြည့်လေ့လာပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013