
ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေကို အစုလိုက် တိုက်ပိတ်ထားတာနဲ့ လွတ်ရက်နီး အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၅ ယောက်ကိုလည်း မတရား အမှုဆင်ကာ ထောင်ဒဏ်တိုးမြှင့်တာတွေလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။
ဒိုက်ဦးထောင်က အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေကို အလုပ်ကြမ်းတွေ အတင်းအကျပ်ခိုင်းစေပြီး ငြင်းဆန်သူတွေကို သီးခြားတိုက်ပိတ်ကာ ရိုက်နှက်ညှဉ်းပန်းနေကြောင်းနဲ့ တိုင်ကြားသူတွေကို “ဆူပူသောင်းကျန်းသူ” လို့ စွပ်စွဲပြီး အသက်အန္တရာယ်ခြိမ်းခြောက်တာ အမှုဆင်တာနဲ့ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်တာတွေလုပ်နေတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်၊
ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်တာကြောင့် ကိုယ်ဝန်ဆောင်နဲ့ အရေးပေါ်လူနာ တွေကို ပြင်ပဆေးရုံ တက်ခွင့်မပေးဘဲ အကျဉ်းထောင်အတွင်း မွေးဖွားစေခဲ့တာကြောင့် မွေးကင်းစကလေး တယောက်လည်း မွေးဖွားပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက် အရ သိရပါတယ်။
လက်ရှိမှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ယောက်ကို သီးခြားတိုက်ပိတ်ထားပြီး လွတ်ရက်နီး အမျိုးသမီး ၅ ယောက်ကိုလည်း ထပ်တိုးပြစ်ဒဏ်တွေကျခံနေရကြောင်း သိရပါတယ်။
PPNM ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက “အဓိကကတော့ တိုက်ထဲမှာနေတဲ့ အမျိုးသမီး တွေက အချိန်ကြာလာတော့ပေါ့နော်၊ ဒီကြွက်သားတွေ အားနည်းလာတယ်။ ခန္ဓာကိုယ်မှာ ဆိုလို့ ရှိရင်လည်း အာဟာရ မလုံလောက်တာဖြစ်တဲ့အတွက် ခန္ဓာကိုယ် အားနည်းလာတာမျိုးတွေ၊ အခုအချိန်က ယားနာတွေပေါက်တယ်ပေါ့လေ၊ မိုးရာသီဆိုတော့ ဒါမျိုးတွေလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်ရှင်။ မွေးကင်းစကလေး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့်မို့လို့ ဖြစ်ပွားခဲ့တာလို့ PPNM ရဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကနေမှတဆင့် ရရှိထားတာပဲ ဖြစ်ပါတယ်ရှင်။ ဒီလိုစိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိနေတာဖြစ်တဲ့အတွက် ဒီတိုက်ထဲမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်သောအားဖြင့် တိုက်ထဲနေ ထုတ်ပြီးတော့မှ ဆေးဝါးစောင့်ရှောက်မှု၊ အာဟာရဓာတ် ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
တိုက်ပိတ်ခံထားရသူတွေကို တနေ့မှာ ရေ ၁ လီတာဘူး ၁ ဘူးသာပေးတာ၊ ၁၄ ရက်ကြာ ရေမချိုး ခိုင်းတာ၊ စောင် ၁ ထည်နဲ့ ရေ ၁ ဘူးသာထားရှိခွင့်ပေးတာတွေနဲ့ ဆန်ပြုတ်တမျိုးတည်း ကျွေးမွေး နေတယ်လို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်၊
အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရည်ရွယ်ချက်ရှိရှိပြုလုပ်တဲ့ ရာဇဝတ်မှုတွေဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကလည်း ဝေဖန်ပါတယ်။
WOPP ပြန်ကြားရေးတာဝန်ခံ မစုမြတ် “အခုလိုမျိုး နိုင်ငံရေးအကျဉ်းသူ ၂၇ ယောက်ကို ရေနဲ့အာဟာရ ဖြတ်တောက်ပြီးတော့ အစုလိုက်အပြုံလိုက် တိုက်ပိတ်ထားတာ၊ အုပ်စုဖွဲ့ ရိုက်နှက်တာ၊ လွတ်ရက်စေ့ခါနီးသူတွေကို သက်သေအတုနဲ့ အမှုဆင် ပြစ်ဒဏ်တိုးတာတွေက တမင်သက်သက် ရုပ်ပိုင်းရော စိတ်ပိုင်းပါ ပျက်စီးအောင် စနစ်တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မှု ဖြစ်တယ်။ ပိုဆိုးတာက ကိုယ်ဝန်ဆောင်အမျိုးသမီးကို လုံလောက်တဲ့ ဆေးကုသခွင့်မပေးလို့ မွေးကင်းစကလေးငယ် သေဆုံးရတဲ့အထိ ဖြစ်ရတဲ့ ဖိနှိပ်မှုက ကြောက်စရာ ကောင်းပြီးတော့ စနစ်တကျ ကျူးလွန်တဲ့ ဖိနှိပ်မှုဖြစ်တယ်၊ ဒီလို အာဏာကို အလွဲသုံးစားလုပ်နေတာကို ကျမတို့ အနေနဲ့ ပြင်းထန်စွာ ရှုတ်ချပြီးတော့ လက်မခံနိုင်ပါဘူး”လို့ ပြောပါတယ်။
ICRC အပါအဝင် လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကို အကျဉ်းထောင်တွေအတွင်း ဝင်ရောက်စစ် ဆေးခွင့်၊ အကျဉ်းသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရရှိရေးနဲ့ လိုအပ်တဲ့ ဆေးဝါးအာဟာရ ထောက်ပံ့ ဖို့အတွက် နိုင်ငံတကာက အရေးပေါ် ဖိအားပေးဖို့စတာတွေအပြင် ဒိုက်ဦးထောင်ရဲ့ အမျိုးသမီးဆောင် ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင် အပါအဝင် ဦးဆောင်ကျူးလွန်သူ အကျဉ်းထောင်ဝန်ထမ်း တွေကိုစနစ်တကျ မှတ်တမ်းတင်ပြီးတော့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးဖို့ WOPP တိုက်တွန်းပါတယ်။
ဒါ့အပြင် မတရားအမှုဆင် ပြစ်ဒဏ်တိုးခံရတာတွေကို ချက်ချင်း ရုပ်သိမ်းပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသူတွေ အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ စတာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ကို WOPPက တောင်းဆိုထား ပါတယ်။
ဝေဝေ










