
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်းက ထောင်အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသူတွေဆီ ပို့တဲ့ ထောင်ဝင်စာ အစားအသောက်နဲ့ ပစ္စည်းတွေကို ဖြတ်ယူလဲလှယ်တဲ့ အကျင့်ပျက် ခြစားတာတွေ ပိုဆိုးလာတယ်လို့ နိုင်ကျဉ်းမိသားစုဝင်တွေဆီက သိရပါတယ်။
ဒိုက်ဦး ဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဆီ ထောင်ဝင်စာ စားသောက်စရာတွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေကို မိသားစုဝင်တွေက လာရောက်ပို့တဲ့အခါမှာ ထောင်အာဏာပိုင်တွေဘက်က စားစရာတွေကို ဖြတ်ယူထားတာ၊ ပစ္စည်းတွေကို လဲလှယ်ယူထားတာတွေ ပြုလုပ်ခဲ့ကြောင်း၊ အရင်က တချို့တဝက်သာ ဖြတ်ယူတာမျိုး ရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ ပိုဆိုးလာကြောင်း နိုင်ငံရေးအကျဉ်းသူရဲ့ မိသားစုဝင်တယောက် DVB ကို ပြောပါတယ်။
“ဒီတခါ ညီမ အစ်မဆီကို ပါဆယ်သွားပို့တဲ့ အခါကျတော့ ရှေ့တခေါက်တုန်းက ပါဆယ်ထဲမှာ ထည့်ပေးလိုက်တဲ့ ဟင်းရလားလို့ မေးကြည့်တဲ့အခါမှာ မရဘူးလို့ ပြောတယ်ပေါ့နော်။ အရင်တုန်းက သူတို့အနေနဲ့ ညီမတို့ ထည့်ပေးလိုက်တဲ့ ဟင်းတွေကို ဟင်းတထုပ်ရဲ့ တဝက်လောက်ပေါ့နော် ၅၀ ရာခိုင်နှုန်းလောက်ကို သူတို့ ဖောက်ယူထားတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အခုကျတော့ ၅၀ ရာခိုင်နှုန်း မဟုတ်တော့ဘူး၊ ဒီဟင်းတထုပ်လုံးကို သူတို့ သိမ်းပစ်လိုက်တာပေါ့နော်။ အမှန်တကယ်ဆိုရင် အစ်မရယ် ပေးသွင်းလို့မရတဲ့ ပစ္စည်းဆိုလို့ရှိရင် ကိုယ့်အိမ်ကို ပြန်ထည့်ပေးလိုက်ရမှာလေ။ ဒီဟာကတော့ ပေးသွင်းလို့ မရပါဘူး ဆိုပြီးတော့ သူတို့ စည်းကမ်းအတိုင်းပေါ့။ အခုဟာက မဟုတ်ဘဲနဲ့ ပေးသွင်းလို့ ရတယ်ဆိုပြီးတော့ ပေးသွင်းပြီးတော့မှ လမ်းမှာ ပျောက်သွားတာဆိုတော့ ဒါက မသမာမှုပေါ့နော်။”
ဒါ့အပြင် နိုင်ကျဉ်းတွေအတွက် မိသားစုတွေကပေးတဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကိုလည်း အရည်အသွေး မမီတာတွေနဲ့ လဲယူထားတာတွေ ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ထောင်ဝင်စာ ပါဆယ်က နိုင်ကျဉ်းသူတွေရဲ့ အခြေခံစားရေးသောက်ရေးဖြစ်တဲ့အတွက် အခုလို မတရားသိမ်းယူထားတာ၊ လဲယူထားတာတွေက ဆိုးရွားတဲ့ကိစ္စဖြစ်ပြီး အရေးကြီးတဲ့ကိစ္စ ဖြစ်တာကြောင့် အာဏာပိုင်တွေအနေနဲ့လည်း ထိထိရောက်ရောက် စုံစမ်းအရေးယူသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ပြောပါတယ်။
ဒိုက်ဦးအကျဉ်းထောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ အပေါ် အဆိုးဝါးဆုံးဆက်ဆံတဲ့ အကျဉ်းထောင်တခု ဖြစ်တယ်လို့ ဒိုက်ဦးထောင်မှာ အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကို တည်ထောင်သူ မဇူးဇူးမေယွန်းက ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေ ဆိုလို့ရှိရင်လည်း အမျိုးသားဆောင်ဘက်ကနေပြီးတော့ ခေါ်ထုတ် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်ပေါ့နော်။ ဒိုက်ဦးထောင်ဟာ အကျဉ်းထောင်တွေထဲမှာ အဆိုးဝါးဆုံးထောင် ဖြစ်ပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေရဲ့ဒဏ်ကိုလည်း နိုင်ငံရေးအကျဉ်းသူတွေဟာ အလူးအလဲခံနေရတဲ့ အနေအထားတွေ ရှိတယ်ပေါ့နော်။ နိုင်ငံတကာက နည်းမျိုးစုံနဲ့ ဖိအားပေးဖို့ဆိုရင် စစ်တပ်ထောက်တိုင်ဖြစ်တဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို ဖိအားပေးဖို့ လိုအပ်တယ်။ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကလည်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို မေ့မထားဘူး၊ ပစ်မထားဘူး ဆိုတာမျိုးနဲ့ပေါ့နော်၊ ကြိုးစားပေးမှပဲ သူတို့တွေဟာလည်း ကျန်းကျန်းမာမာနဲ့ လွတ်မြောက်လာမှာ ဖြစ်ပါတယ်။”
ဒိုက်ဦးထောင်မှာ အကျဉ်းသူတွေအတွက် ချိုးရေတွေက မသန့်ရှင်းဘဲ ကြေးနီရောင်ဖြစ်နေတဲ့ ရေတွေကို ချိုးရတာကြောင့် အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး အမျိုးသမီးဆောင်ဘက်မှာ ဆေးရုံဆေးခန်းတွေ မရှိတဲ့အတွက်ကြောင့်လည်း နိုင်ငံရေးအကျဉ်းသူတွေဟာ အရေးပေါ် ဆေးဝါး ကုသခွင့် လုံလုံလောက်လောက် မရတာတွေကိုလည်း တွေ့ကြုံခံစားနေကြရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ဒိုက်ဦးအကျဉ်းထောင်ထဲက လွတ်ရက်နီး နိုင်ငံရေးအကျဉ်းသူတွေကို အမှုဆင်ကာ ပြစ်ဒဏ်တွေ ထပ်တိုးခဲ့တာ၊ ဆေးကုသခွင့်မပေးလို့ မွေးကင်းစကလေး သေဆုံးခဲ့တာတွေနဲ့ အစုလိုက်အပြုံလိုက် တိုက်ပိတ်တာတွေကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ဝေဝေ











