
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ ထောင်ပိုင် သီဟထွဋ်နဲ့ ဆေးရုံအုပ် သိုက်ထွေးတို့ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ သက်ကြီးနိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက နှိပ်စက်ညှဉ်းပန်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ထောင်ပိုင် သီဟထွဋ်ဟာ အသက် ၆၀ ဝန်းကျင်ရှိတဲ့ သက်ကြီးနိုင်ငံရေးအကျဉ်းသားတွေကို ဆေးရုံဆောင်ကို ရွှေ့ပြောင်းထားပေမဲ့ သန့်ရှင်းရေး၊ စိုက်ခင်းအလုပ်တွေအပြင် အကျဉ်းဦးစီးဌာနပိုင် အပြင်ဘက် လယ်ကွင်းတွေအထိ အတင်းအဓမ္မ စေလွှတ်ပြီး ကောက်စိုက်ခိုင်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တန်းစီးတာဝန်ယူထားသူ နိုင်ငံရေးအကျဉ်းသား မင်းမင်းနိုင် နဲ့ အကျဉ်းသား နိုင်ဖြိုးဝေ(ခ)နိုင်ကြီးတို့ကို ဆေးရုံအုပ် သိုက်ထွေးက လက်ပါးစေအဖြစ် အသုံးချကာ သက်ကြီးနိုင်ငံရေးအကျဉ်းသားတွေကို အဓမ္မခိုင်းစေတာ၊ ခြိမ်းခြောက်နေတယ်လို့ PPNM က ထုတ်ပြန်ပါတယ်။
ဆေးရုံအုပ် သိုက်ထွေးဟာ နိုင်ငံရေးအကျဉ်းသား/သူတွေကို ဆေးဝါးအလုံအလောက် ကုသပေးခြင်းမရှိဘဲ ထောင်ဝင်စာ ဆေးဝါးတွေကို အလွဲသုံးစားလုပ်နေသလို၊ ကိုယ်ဝန်ဆောင်အကျဉ်းသူတွေကိုလည်း ဆေးရုံတက် မွေးဖွားခွင့်မပေးဘဲ တိုက်ခန်းအတွင်းမှာသာ အဓမ္မမွေးဖွားခိုင်းနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒီဖိနှိပ်မှုသတင်းတွေ ပြင်ပကို ပေါက်ကြားသွားတာကြောင့် ထောင်တွင်းအမှန်တရားကို ဖုံးကွယ်ဖို့ အကျဉ်းထောင်အတွင်း ရှာဖွေစစ်ဆေးမှုတွေကို စိပ်စိပ်ပြုလုပ်ပြီး ထပ်မံခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
PPNM အနေနဲ့ ခုလို ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား/သူတွေအပေါ် အကျဉ်းသားအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်ပြီး စစ်အာဏာရှင်အစိုးရရဲ့ လက်အောက်ခံတွေက လူမဆန်စွာ ဖိနှိပ်နေတဲ့ လုပ်ရပ်တွေအပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ထုတ်ပြန်ပါတယ်။











