
ကင်မရွန်း အာဏာပိုင်တွေဟာ အတိုက်အခံ သမ္မတလောင်း အစ်ဆာ ချီရိုမာနဲ့ ဆက်စပ် ပတ်သက်နေတဲ့ နိုင်ငံရေးသမားနဲ့ တက်ကြွလှုပ်ရှားသူ အယောက် ၃၀ လောက်ကို ဖမ်းဆီးခဲ့တယ်လို့ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က အောက်တိုဘာ ၂၆ ရက်မှာ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက် ရွေးကောက်ပွဲရလဒ်တွေကို အောက်တိုဘာ ၂၇ ရက်မှာ မကြေညာမီ တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။
ဖမ်းဆီးခံရသူတွေထဲမှာ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီသစ်အတွက် အာဖရိက လှုပ်ရှားမှုပါတီရဲ့ ခေါင်းဆောင် အေနစ်ဆက် အက်ခါနီနဲ့ အပြောင်းအလဲအတွက် ပေါင်းစည်းရေး လှုပ်ရှားမှုမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်သူ ဂျူကန် ချမဲနီတို့ ပါဝင်ပါတယ်။
နှစ်ယောက်စလုံးဟာ ချီရိုမာရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ထောက်ခံခဲ့ကြသူတွေပါ။
ကိုကိုးနဲ့ ရေနံထုတ်လုပ်တဲ့ ဗဟိုအာဖရိကနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ချီရိုမာကို ထောက်ခံသူတွေအကြား ပဋိပက္ခတွေ မြင့်တက်လာချိန်မှာ အဖမ်းအဆီးတွေ ပေါ်ပေါက်လာတာပါ။
ချီရိုမာဟာ တနင်္ဂနွေနေ့ကစပြီး နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ထပ်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
Source: Reuters










