DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်၌ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
DVB
·
October 27, 2025
ပခုက္ကူမြို့နယ်၌ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာကနေ စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ပြည့်အိုင်ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ညောင်ဂျစ်ပင်ရွာဟာ ပေါက်-ပခုက္ကူ-မင်းတပ် ကားလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ ပျူကျေးရွာဖြစ်ပြီး လက်နက်ကြီး ထိမှန်တဲ့သူတွေကတော့ အမျိုးသမီး ၂ ယောက်နဲ့  အမျိုးသားတယောက်တို့ ဖြစ်ကြကာ ဒဏ်ရာမစိုးရိမ်ရဘူးလို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။‌

“ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ပစ်ခတ်တာဗျ။ အဲဒီညောင်ဂျစ်ပင်ရွာက စစ်တပ်‌ ထောက်ခံတဲ့ ပျူရွာပါ။ အဲရွာကို ပခုက္ကူမြို့ တပ်မ ၁၀၁ က‌နေ ရောက်လာတဲ့စစ်ကြာင်းက ပစ်တာဗျ။ စစ်‌ကြောင်းက အောက်တိုဘာ ၁၉ ရက်နေ့က စထွက်လာပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာ ညောင်ဂျစ်ပင် ပျူရွာကို ရောက်ပါတယ်။ အဲဒီလို‌ရောက်လာပြီး အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးတာတွေ လုပ်တယ်။ ဒီ‌ ၂၆  ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်ကလည်း ရွာဘက်ကို ညောင်ဂျစ်ပင်ရွာကနေ ၆၀-မမ လက်နက်ကြီးနဲ့ပစ်လို့ ရွာက အမျိုးသမီး ၂ ယောက်နဲ့  ဦးလေးကြီး တယောက် ‌မစိုးရိမ်ရဒဏ်ရာ ရတယ်။”

စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ထန်းတပင်၊ ဝါးကျွန်းတွင်း၊ ရေမျက်၊ ဖောင်ကျောင်း၊ ဖောင်ကွဲ၊ ပြည့်အိုင်၊ ရွာသားအေး၊ မြေပန်းတောင်းစတဲ့ အနီးဝန်းကျင်က ဒေသခံတွေ နေရပ်စွန့်ခွာ‌ တိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ပန်းတောင်းရွာမှာ ညအိပ်နေပြီး မြစ်ခြေအထိ သွားလိမ့်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်းနဲ့ စစ်ရေးမဟုတ်တဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး အခုလို တိုက်ခိုက်တာ ဆိုးဝါးတဲ့လုပ်ရပ် ဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“တပြိုင်တည်းမှာပဲ သူတို့ဟာ ရွေးကောက်ပွဲအတွက်ရော ရွာတွေကို စည်းရုံးရေးတဖက်က ဆင်းတယ်ပေါ့။ သူတို့ဟာ ဟန်ဆောင်စည်းရုံးရင်းနဲ့ပဲ မျက်နှာဖုံးတွေ ကွာကွာကျနေတယ်။ ပြည်သူတွေထံက ကြိုဆိုမှုကိုလည်း လိုချင်တယ်။ ပြည်သူတွေကိုလည်း မသင်္ကာပြီး သတ်ဖြတ်ပြန်တယ်။ ဒီတော့ ပြည်သူတွေထံက အမုန်းတရားနဲ့ နာကြည်းမှုကလွဲရင် မဲဆိုတာ ရလမ်း မမြင်ပါဘူး။ ကျနော်တို့ အားလုံးကလည်း ဒီထက်ပိုပြီး အများကြီး ညီညွတ်ဖို့၊ အများကြီး ကြိုးစား၊ ရိုးသားကြဖို့ လိုပါတယ်။” 

အောက်တိုဘာ ၂၄ ရက် ညပိုင်းမှာ ပခုက္ကူမြို့နယ်ရှိ ထန်းတပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပါရာမော်တာနဲ့ ဗုံးကြဲချလို့ အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရပြီး နောက်ထပ်ပြည်သူ တယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

Photo: ယခင်ပုံဟောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013