
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ရေလည်ကျွန်းရွာကို စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၈ ရက် နေ့လယ် ၁၀ နာရီ ၄၅ မိနစ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ ကျော် အမျိုးသားတယောက် သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မတ္တရာမြို့နယ် ငယ်တိုးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်အာဏာရှင်တပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ရွာသားတယောက်က “ညပိုင်းကတည်းက ရမ်းသန်းပစ်ခတ်နေတာ ဖြစ်ပါတယ်။ ဘာတိုက်ပွဲမှ မရှိပါဘူး။ ကျနော်တို့ ရွာပေါ်ကို ကျရောက်တာကတော့ နေ့ခင်းပိုင်း ပစ်လိုက်တဲ့ အလုံးက ကျရောက် ပေါက်ကွဲတာ ဖြစ်ပါတယ်။ သေဆုံးသွားသူက အသက် ၆၁ နှစ်အရွယ် ဦးကျော်ဉာဏ် ဖြစ်ပါတယ်။ ဘယ်ဘက် ရင်အုံအောက်ကို ထိမှန်ပြီး သေဆုံးသွားရတာပါ။ အခုလို ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတဦး သေဆုံးခဲ့ရတာ စိတ်မကောင်း ဖြစ်ရပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ညပိုင်းနဲ့ နေ့ခင်းပိုင်း ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေဟာ ရေလည်ကျွန်းရွာ အနီးဝန်းကျင်မှာ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံအများစုဟာ ရွာအတွင်း မနေရဲကြဘဲ ဘေးလွတ်ရာဆီ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ ဆရာဒေါင်းက “စစ်ကောင်စီတပ်က သူတို့ အာဏာတည်မြဲရေးအတွက်ဆိုရင် ဘာကိုမှ ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ အခုလည်း ဘာတိုက်ပွဲမှ မရှိတဲ့ ရွာတွေဘက်ကို ၈၁ မမ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ပြီး ပြည်သူတွေကို သတ်ဖြတ်နေတာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ ကျနော်တို့ အနေနဲ့ကတော့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို ရတဲ့နည်းနဲ့ ချေမှုန်းသွားပါမယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီးကာ ပေါ်တာဆွဲ အနိုင်ကျင့်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။











