DVB Logo
Home
Lead Story
မြန်မာစစ်အာဏာရှင်ကို အိန္ဒိယက ကြိုဆိုခဲ့မှုအပေါ်  ကင်မ်အဲရစ် စိတ်ပျက်
DVB
·
June 5, 2026
Photo: Kim Aris
Photo: Kim Aris
Donate to DVB

မြန်မာစစ်အာဏာရှင်ကို အိန္ဒိယနိုင်ငံက ကြိုဆိုခဲ့တဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က အကြီးအကျယ် စိတ်ပျက်မိကြောင်းနဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးအနေနဲ့ လူ့အခွင့်အရေးဘက်ကနေ ရပ်တည်ပေးဖို့ တောင်းဆိုလိုက်တဲ့အကြောင်း ဗြိတိန်အခြေစိုက် The Independent သတင်းစာမှာ ဇွန် ၅ ရက်က ဖော်ပြပါတယ်။

"ဒီလို ဖြစ်ပေါ်တိုးတက်မှုအပေါ် ကျနော် တကယ်ပဲ စိတ်ပျက်မိပါတယ်။ အိန္ဒိယအနေနဲ့ စစ်ကောင်စီကို ဘယ်လိုနည်းနဲ့မှ တရားဝင်မှု မပေးသင့်ပါဘူး။ ဒေသတွင်း ရေရှည်တည်ငြိမ်မှုဆိုတာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ ဒါမှမဟုတ် ဥပဒေမဲ့ စစ်ကောင်စီကို အသိအမှတ်ပြုမှုတွေပေါ်မှာ တည်ဆောက်လို့မရဘူး။"

အသက် ၄၉ နှစ်အရွယ် ကင်မ်အဲရစ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းချခံထားရတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားနေသူ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာဆီ စာရေးသား ပေးပို့ထားခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဌာနဘက်ကတော့ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်တို့ နယူးဒေလီမြို့မှာ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရတဲ့ကိစ္စကို "ထည့်သွင်းဆွေးနွေးခဲ့တယ်" လို့ ပြောပေမဲ့ အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိပါဘူး။

အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဝီကရမ် မစ်ဆရီကတော့ နှစ်ဖက်ခေါင်းဆောင်တွေဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အားလုံးပါဝင်နိုင်မဲ့ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ကင်မ်အဲရစ်ကတော့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေပြီး “ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ပထမဆုံးခြေလှမ်းက ကျနော့်မိခင်ကို လွှတ်ပေးဖို့ပါပဲ။ အခုအချိန်မှာ ကမ္ဘာ့အသိုက်အဝန်းအနေနဲ့ စိုးရိမ်ရုံတင်မကဘဲ လက်တွေ့ကျတဲ့ ဖိအားပေးမှုတွေ လိုအပ်နေပြီ” လို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လာမဲ့ ဇွန် ၁၉ ရက်မှာ ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မတိုင်မီ မိခင်ဖြစ်သူ သက်ရှိထင်ရှား ရှိမရှိ သက်သေပြဖို့ "Proof of Life" လှုပ်ရှားမှုကို ကင်မ်အဲရစ်က စတင်လုပ်ဆောင်နေပြီး ပြည်သူတွေအနေနဲ့ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့ လှုပ်ရှားမှုတွေနဲ့ ပူးပေါင်းဝန်းရံပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။

ကင်မ်အဲရစ်က “ကျနော့်မေမေဟာ အသက် ၈၁ နှစ် ပြည့်တော့မဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ၄ နှစ်ကျော်ကြာတဲ့အထိ ယုံကြည်စိတ်ချရပြီး သီးခြားအတည်ပြုထားတဲ့ အသက်ရှင်နေကြောင်း အထောက်အထား မရှိသေးပါဘူး။ အသက်ရှင်နေကြောင်း အထောက်အထား၊ လူ့အခွင့်အရေးနဲ့ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ကျနော်နဲ့အတူ ရပ်တည်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကမ္ဘာကြီးက ကျနော့်မေမေကို မေ့မထားသင့်ပါဘူး။ လျှို့ဝှက်နေရာတခုကနေ နောက်ထပ် လျှို့ဝှက်နေရာတခုကို ရွှေ့ပြောင်းထားတာဟာ လွတ်မြောက်ခြင်း မဟုတ်ပါဘူး။ မေမေဟာ ယနေ့တိုင် ဓားစာခံတဦးအဖြစ် ရှိနေဆဲပါ။ အသက်ရှင်နေတယ်ဆိုရင် သက်သေပြပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။

ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့ ဩစတြေးလျနိုင်ငံ ရောက်နေတဲ့ ကင်မ်အဲရစ်နဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေဟာ ဇွန် ၄ ရက်က ကင်ဘာရာမြို့ရှိ ဩစတြေးလျ ပါလီမန်ရှေ့နဲ့ စစ်အာဏာရှင် သံရုံးရှေ့တွေမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013