
စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက တရားဝင် လိုင်စင်ထုတ်ပေးထားတဲ့ အေဂျင်စီတွေဟာ စစ်တပ်နဲ့ပေါင်းပြီး ရုရှားကို အလုပ်သမား စေလွှတ်နေတယ်လို့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေထံကနေ စုံစမ်းသိရပါတယ်။
စစ်တပ်နဲ့ ပဏာသင့်တဲ့ အေဂျင်စီတွေက စစ်တပ်ကို လိုင်းကြေးပေးပြီး တလကို အလုပ်သမား အယောက် ၂၀ နှုန်းနဲ့ ရုရှားကို ပို့ပေးရပြီး အများစုမှာ ရုရှားစစ်တပ်မှာ တာဝန်ထမ်းဆောင်ရတာလို့ သိရပါတယ်။
ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတခုရဲ့ တာဝန်ရှိသူတယောက်က “အကုန်လုံးက ဒီထဲမှာ စစ်မှုမထမ်းချင်လို့ ပြည်ပကိုထွက်ပြီး အလုပ်လုပ်ချင်ကြတယ်။ အဲဒါကို ပွဲစားတွေက အခွင့်ကောင်းယူပြီး ဘယ်မှာတော့ အလုပ်ရမယ်ဆိုပြီး ခေါ်ကြတယ်။ ပွဲစားနဲ့ အေဂျင်စီတွေက ပေါင်းပြီး လုပ်ကြတာ။ စစ်တပ်လည်းပါတာပေါ့။ သူကတော့ ပိုက်ဆံရရင် ဘာမဆိုလုပ်မှာပဲ။ အခုလည်း ရုရှားကို အလုပ်သမားစေလွှတ်တာက သူတို့ ပေါင်းပြီးလုပ်ကြတာ။ ပို့တာကတော့ တရားဝင်လမ်းကြောင်းနဲ့ပဲပို့တာ။ ဟိုဘက်ရောက်မှ သူတို့ အချိတ်အဆက်တွေနဲ့ စစ်တပ်တွေထဲ အပို့ခံရတာ” လို့ ပြောပါတယ်။
လက်ရှိမှာလည်း မြန်မာနိုင်ငံသား ၁၉ ယောက် ရုရှားနိုင်ငံမှာ စစ်မှုထမ်းဖို့ လက်မှတ်ရေးထိုးခဲ့ရပြီး ရှေ့တန်းကို အပို့ခံရတယ်လို့ သိရပါတယ်။
အေဂျင်စီ ၁၀ ခုထက်မနည်းကို ရုရှားနိုင်ငံကို တရားဝင်အလုပ်သမားစေလွှတ်ဖို့ စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုပေးထားပါတယ်။
ရုရှားနိုင်ငံကို အလုပ်သမားစေလွှတ်ပြီး စစ်မှုထမ်းခိုင်းတဲ့သူတွေကို စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ရုရှားနိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ် အရေးယူသွားမယ်လို့ သိရပါတယ်။











