DVB Logo
Home
မြန်မာသတင်း
တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် အာဆီယံကို JFM တောင်းဆို
DVB
·
October 24, 2025
တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ရန် အာဆီယံကို JFM တောင်းဆို
Donate to DVB

နိုင်ငံရေးတရားဝင်မှုရရှိအောင် ဖန်တီး‌ဖို့ကြိုးစားတဲ့  စစ်အုပ်စုရဲ့ တရားမဝင် ရွေး‌ကောက်ပွဲကို အာဆီယံအနေနဲ့ ဆန့်ကျင်ဖို့ Justice For Myanmar (JFM) က အောက်တိုဘာ ၂၄ ရက်‌မှာ ထုတ်ပြန် ‌တောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး မတိုင်ခင် အခုလို တောင်းဆိုတာဖြစ်ပါတယ်။

အာဆီယံအ‌နေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့တာ ၄ နှစ်ကျော်ကာလကို ရောက်ရှိလာပေမဲ့ စစ်အုပ်စုဟာ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု လုပ်ငန်းတွေကိုသာ တိုးမြှင့်လုပ်‌ဆောင်ခဲ့ပြီး ဒီလို လုပ်ဆောင်နိုင်အောင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒေသတွင်း စီးပွား‌ရေး လုပ်ငန်းတွေရဲ့ ကြံရာပါ ပတ်သက်မှုတွေကို အားပေးကူညီခဲ့တယ်လို့ JFM က ထောက်ပြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အခြေစိုက်တဲ့ အနည်းဆုံး ကုမ္ပဏီ ၅၄ ခုဟာ စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ ဆက်စပ် ကုမ္ပဏီတွေရဲ့ စီးပွားရေး ဆက်နွှယ်မှုတွေ ဆက်လက်ရှိ‌နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

ဒီဆက်နွှယ်မှုတွေမှာ လေယာဉ်ဆီရောင်းချမှုတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ၊ သစ်လုပ်ငန်း၊ မြေငှားရမ်းလုပ်ငန်း၊ ဆက်သွယ်‌ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာလုပ်ငန်းတွေ ပါဝင်ပြီး စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အသက်ဆက်ပေးနေတဲ့ အသက်သွေးကြောတွေလည်း ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

အာဆီယံရဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မူ‌ဘောင်တွေကလည်း မြန်မာစစ်တပ်ကို အစည်းအဝေးတွေ တက်ရောက်ခွင့်၊ ထောက်လှမ်းရေး သတင်းအချက်အလက်နဲ့ လေ့ကျင့်သင်တန်းတွေ တက်‌ရောက်ခွင့်တွေကို ပေးအပ်ထားတာဟာ စစ်အုပ်စုအတွက် တရားဝင်မှု၊ စွမ်း‌ဆောင်ရည် တိုးချဲ့မြှင့်တင်မှုနဲ့ ဝါဒဖြန့်ချိမှုတွေအတွက် အခွင့်အရေး ပေးရာ ရောက်တယ်လို့လည်း ဆိုပါတယ်။

JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "ကော်ပိုရိတ်ကြံရာပါမှုတွေကို ဖြေရှင်းဖို့ အာဆီယံရဲ့ ပျက်ကွက်မှုက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီခဲ့တာဖြစ်ပါတယ်။ အာဆီယံအနေနဲ့ စစ်အုပ်စုကို ငွေကြေး၊ လေယာဉ်ဆီနဲ့ နည်းပညာစီးဝင်မှုလမ်းကြောင်းတွေ ဖြတ်တောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တွန်းအားပေးခြင်းနဲ့ ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကနေ မြန်မာပြည်သူတွေသာမက ဒေသတွင်းနဲ့ဒေသပြင်ပက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ သားကောင်တွေကိုပါ ကာကွယ်နိုင်ဖို့အတွက် မိမိတို့တာဝန်ဝတ္တရားများကို ဖြည့်ဆည်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ ထုတ်ပြန် ပြောပါတယ်။

အာဆီယံအနေနဲ့ မကြာခင်ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းဆန်ဖို့၊ အာဆီယံနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေမှာ စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို တားမြစ်ပိတ်ပင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် မြန်မာပြည်သူတွေရဲ့ လှုပ်ရှားရုန်းကန်မှုနဲ့အတူ ရပ်တည်ပေးဖို့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ စီပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ ‌လေယာဉ်ဆီလမ်းကြောင်းတွေကို ချက်ချင်းဖြတ်တောက်ဖို့ စတဲ့အချက်တွေကိုလည်း JFM က တောင်းဆိုပါတယ်။ 

JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က "စစ်အုပ်စုရဲ့ အမည်ခံရွေးကောက်ပွဲက ဒီမိုကရေစီကိုဦးတည်တဲ့ လမ်းကြောင်း မဟုတ်ပါဘူး။ အာဆီယံခေါင်းဆောင်တွေ စုစည်းတွေ့ဆုံချိန်မှာ သူတို့အနေနဲ့ တရားမဝင်စစ်အုပ်စုက ကျင်းပပေးတဲ့ လွတ်လပ် မျှတပြီး ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း သိမြင်ရပါမယ်။ မြန်မာပြည်သူတွေက ပြတ်ပြတ်သားသား ငြင်းပယ်ထားပြီးဖြစ်တဲ့ တရားမဝင်စစ်အုပ်စုက သေနတ်ထောက်ကျင်းပတဲ့ ရေးကောက်ပွဲတရပ်ဟာ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ဒီအတုအယောင်လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ရမှာဖြစ်ပြီး၊ ရွေးကောက်ပွဲစောင့်ကြည့်သူတွေ စေလွှတ်ခြင်း မပြုရမယ့်အပြင်၊ စစ်အုပ်စုကို တရားဝင်မှုဖြစ်စေမယ့် ဘယ်နည်းလမ်းကိုမဆို ငြင်းဆန်ရမှာ ဖြစ်တယ်" လို့ပြော ပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ကနေ နိုင်ငံတော်လုံခြုံ‌ရေးနှင့် ‌‌အေးချမ်းသာယာရေးကော်မရှင် အဖြစ် အမည်ပြောင်းလဲခဲ့တာကလည်း နိုင်ငံတကာဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့နဲ့ သူတို့ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကို မှေးမှိန်စေဖို့ လှည့်စားထားခြင်းသာ ဖြစ်တယ်လို့လည်း JFM က ထပ်မံ သတိ‌ပေးပြီး အာဆီယံအ‌နေနဲ့ ဒီ‌ပြောင်းလဲမှုကို ရှင်းလင်းစွာ သ‌‌ဘောပေါက်ဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013