DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် မြွေကိုက်ခံရသည့်လူနာ များလာသဖြင့် မြွေဆိပ်ဖြေဆေး ပိုလိုအပ်
DVB
·
October 24, 2025
စစ်ကိုင်းတွင် မြွေကိုက်ခံရသည့်လူနာ များလာသဖြင့် မြွေဆိပ်ဖြေဆေး ပိုလိုအပ်
Donate to DVB

အညာဒေသ စစ်ကိုင်းတိုင်းထဲက ဒေသတွေမှာ စစ်ရှောင်ဦးရေတွေ ပိုများသလို လယ်ယာစိုက်ပျိုးချိန် ဖြစ်တဲ့အတွက် မြွေကိုက်ခံရတဲ့လူနာတွေ ပိုများလာပြီး လူနာတွေအတွက် အရည်အသွေးပြည့်ဝတဲ့ မြွေဆိပ်ဖြေဆေးတွေလည်း ပိုလိုအပ်နေတယ်လို့ ဒေသတွင်း ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

ဒီပဲယင်းနဲ့ ရွှေဘိုဘက်တွေမှာ နေ့စဉ်လိုလို မြွေကိုက်ခံရတဲ့ လူနာတွေ ရှိနေပြီး အောက်တိုဘာ ၂၃ ရက်က ၅ ယောက် မြွေပွေးကိုက်ခံရလို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ အခမဲ့ဆေးခန်းကို လာရောက်ပြသခဲ့တာရှိကြောင်း အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုစိုးမိုးအောင်က ပြောပါတယ်။

“ကျနော်တို့ စစ်ကိုင်းမှာက ပိုးထိလူနာ ပိုပြီးတော့ တိုးလာပေါ့။ စစ်ရှောင်လူဦးရေကလည်း ပိုတိုးလာတဲ့ အနေအထားလည်း ရှိတယ်။ ပြီးတော့ ကျနော်တို့အညာမှာ လယ်ဆင်းတဲ့အချိန်လည်း ဖြစ်တဲ့အတွက် ပိုးထိတဲ့လူဦးရေကလည်း ပိုများတယ်။ ပိုးထိလူနာက နေ့တိုင်းနီးပါးလိုလိုကို ရှိနေတာပေါ့။ ခုရက်ပိုင်းက ဒီပဲယင်း ရွှေဘိုပေါ့၊ တနယ်တည်းမှာ ကျနော်တို့ လက်လှမ်းမီသလောက်ကို မနေ့ကတင် ၅ ဦး ရှိတယ်ဗျ၊ ပိုးထိတာပေါ့နော်။ တချို့ အသက်ဆုံးရှုံးတာတွေလည်း ရှိတာပေါ့။ ဆေးမမီတာတို့ ဆေးမရှိတာတွေကြောင့်ပေါ့။”

အများဆုံးက မြွေပွေးအကိုက်ခံရတာဖြစ်ပြီး လက်ရှိ ဒေသတွင်းမှာ သုံးစွဲနေတဲ့ မြွေဆိပ်ဖြေဆေးက အိန္ဒိယနိုင်ငံထုတ် အရည်အသွေးနိမ့်တဲ့ ဆေးဝါးတွေ ဖြစ်တဲ့အတွက် မြွေဆိပ်ဖြေဖို့ ဆေးအလုံးပေါင်းများစွာကို အကြိမ်ကြိမ် ထိုးရတာတွေလည်း ရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ရှိသူကလည်း ပြောပြပါတယ်။

ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုသစ္စာက “တချို့ဆို မြွေဆိပ်ဖြေဆေးကို အလုံး ၅၀၊ ၆၀ ထိ ထိုးရတာတွေ ရှိတယ်။ ခါတိုင်းက သိပ်မကြားဘူး။ ဒီနှစ်တော့ တော်တော်လေး ကြားရတယ်။ လောလောဆယ် အသက်ဆုံးရှုံးတာ မကြားသေးဘူး။ ကျနော်တို့ဘက်တော့ အလုံး ၆၀ လောက် ထိုးရတာတော့ နှစ်ယောက်ကြားတယ်။ တယောက်ကတော့ ဓာတ်မြေဩဇာကြဲတာ၊ ရေ‌မြွေကိုက်တယ်ထင်ပြီး ပေါ့လိုက်တာ။ သူက အလုံး ၆၀ ကျော် ထိုးလိုက်တယ်။ ကျနော်တို့ဆီကတော့ မြွေပွေးပဲ ကျန်တာတော့ မရှိဘူး။ ဒီပဲယင်းက မြို့ပေါ်ဆို မြို့ကို သိမ်းထားတာဆိုတော့ မြို့ပေါ်မနေရဲကြတာနဲ့ ရေရှည်စစ်ရှောင်တွေရှိတယ်။ လယ်လုပ်ရင်း စစ်ရှောင်ရင်း ထိကြတာတွေရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ကိုင်းဒေသထဲကို ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာဖြစ်လို့ ဆေးဝါးတွေ ဝယ်ယူရာမှာ အခက်အခဲတွေ ရှိကြောင်းနဲ့ လက်ရှိအခြေအနေအရ အရည်အသွေးပြည့်မီတဲ့ မြွေဆိပ်ဖြေဆေးတွေ ပိုလိုအပ်နေကြောင်း ကိုစိုးမိုးအောင်က ထပ်ပြောပါတယ်။

“ဒီဆေးတွေက ကျနော်တို့ ပိုက်ဆံရှိတိုင်းလည်း ဝယ်လို့မရဘူးလေ။ ဝယ်လို့ရပြန်တော့လည်း ဆေးတွေက ဈေးတအားကြီးတာ။ နောက် သယ်ယူခွင့်တွေ ဝယ်ယူခွင့်တွေကလည်း မှောင်ခိုပုံစံမျိုးလိုကို ဖြစ်နေတာ။ ကျနော်တို့ စစ်ကိုင်းတိုင်းထဲမှာ ဘာဆေးဝါးမှ တင်သွင်းခွင့်မရှိဘူး ဆိုတော့ တော်တော်လေး ကျပ်လာတယ်ပေါ့။ အခုဆို နောက်တသုတ်ကို လှူဒါန်းသူလည်း မရှိသေးဘူး၊ ဝယ်ယူဖို့လည်း လမ်းကြောင်းအခက်အခဲလည်း ဖြစ်နေတယ်။ ကျနော်တို့ဆီမှာ လက်ကျန်က ၁၀ လုံးလောက်ပဲ ကျန်တော့တာ၊ ၁၀ လုံးဆိုတာ နှစ်ဦးစာလောက်ပဲ ရှိတော့မှာ။”

မြွေကိုက်ခံရတဲ့အခါ အဓိကအားဖြင့် မြွေပွေးကိုက်ခံရရင် တတ်နိုင်သလောာက် ဆေးရုံ ဆေးခန်းကို အမြန်ဆုံးပို့ဆောင်ပေးဖို့ လိုအပ်ပြီး မပို့ဆောင်မီအချိန်တွင်းမှာ လူနာကို ငြိမ်ငြိမ်ထားဖို့၊ လမ်းမလျှောက်ခိုင်းဖို့၊ ဒဏ်ရာကို ဓားနဲ့ခွဲတာ၊ အဆိပ်ကို ပါးစပ်နဲ့ စုပ်ထုတ်တာတွေ မလုပ်ဖို့နဲ့ ဒဏ်ရာကို ရေနဲ့ သန့်စင်အောင် ဆေးကြောပြီး ရှေးဦးသူနာပြုစုနည်းတွေ၊ စည်းနှောင်တာတွေ လုပ်ဆောင်သင့်ကြောင်း တယ်လီကျန်းမာက အသိပညာပေး ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013