DVB Logo
Home
မြန်မာသတင်း
ပြန်ထူထောင်ရေး ချေးငွေအစီအစဉ် ငလျင်သင့်ပြည်သူများ အသေးစိတ်မသိဟုဆို
DVB
·
October 24, 2025
ပြန်ထူထောင်ရေး ချေးငွေအစီအစဉ် ငလျင်သင့်ပြည်သူများ အသေးစိတ်မသိဟုဆို
Donate to DVB

အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လနီးပါးကြာမှ ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေ အနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေလျှောက်ထားနိုင်တယ်ဆိုပြီး ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပေမဲ့ ပြည်သူတွေကတော့ သတင်းအချက်အလက်တွေ အသေးစိတ် မသိရဘူးလို့ ပြောပါတယ်။

မတ် ၂၈ ရက်က အင်အားရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ အခု အောက်တိုဘာလမှာတော့ ၆ လကျော် ၇ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လအကြာမှာမှ ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေလျှောက်ထားနိုင်တယ် ဆိုပြီး အောက်တိုဘာ ၁၈ ရက်မှာ ဗဟိုဘဏ်က အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး ငလျင်ပြန်လည်ထူထောင်ရေးအတွက် ချေးငွေလျှောက်ထားနိုင်တဲ့ ကိစ္စရပ်ကို မသိကြဘူးလို့ ငလျင်ဒဏ်သင့်ခဲ့တဲ့ ဒေသတွေထဲက တခုဖြစ်တဲ့ မန္တလေးမြို့နေ ပြည်သူတွေက ပြောပါတယ်။

လက်ရှိ ၇ လကြာမှ အခုလို ချေးငွေထုတ်ပေးတာဟာ ကောင်းပေမဲ့ ချေးငွေထုတ်ချေးပေးတဲ့ ကူညီမှုက နောက်ကျသလို ချေးငွေထုတ်ပေးမဲ့ သတင်းအချက်အလက်တွေကိုလည်း အသေးစိတ် မသိရဘူးလို့ မန္တလေးမြို့ခံက ပြောပါတယ်။

“ခက်တာက အဲဒီ information အသေးစိတ် အချက်အလက်တွေက မသိရဘူး။ သတင်းစာထဲမှာ စာတိုလေးပဲ ကြော်ငြာအတိုလေးပဲ တွေ့ရတာလေ။ အဲ့ဟာတွေက ဘဏ်မှာ သွားစုံစမ်းရမှာလား၊ ရပ်ကွက်ရုံးမှာ စုံစမ်းရမှာလား၊ ဘယ်လိုအထောက်အထားတွေနဲ့ ချေးငွေ လျှောက်ထားရတာလဲ ပေါ့နော်။ အဲဒီဟာလေးတော့ လူထုသိအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးဖို့လိုတယ်။”

ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လကြာတဲ့အထိ အာဏာသိမ်း စစ်အုပ်စုဟာ ငလျင်ဒဏ်သင့် ဒေသတွေမှာ ထိထိရောက်ရောက် ကူညီနိုင်တာ မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

မန္တလေးမြို့မှာ အခုထိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားလို့ ဖြိုဖျက်ထားရတဲ့ အဆောက်အဦတွေ ပြန်ဆောက်လုပ်ခွင့် မရသေးတာတွေ ရှိသေးပြီး အာဏာပိုင်တွေကလည်း ထိထိရောက်ရောက် မကူညီနိုင်ဘူးလို့ မန္တလေးမြို့ခံက ပြောပါတယ်။

“ထိထိရောက်ရောက် ကူညီနိုင်မှုကတော့ မရှိဘူးပေါ့နော်၊ အားနည်းတယ် ပြောရမယ်။ အခုချိန်ထိ ဖျက်ထားတဲ့ တိုက်တွေဆိုတာ ပြန်ဆောက်ခွင့် မရသေးတာတွေ၊ နောက်ပြီးတော့ ဒီ တိုက်ခန်း၊ ကန်ထရိုက်တိုက် ကိစ္စတွေ၊ အခန်းပိုင်နဲ့ မြေရှင် ကိစ္စတွေ၊ အဲလိုမျိုးတွေ ရှင်းပေးရမယ့် ကိစ္စတွေပေါ့နော်၊ အဲလိုမျိုးတွေ အများကြီးရှိတယ်။ နောက်ပြီးကျတော့ ဒီနစ်နာသူတွေအတွက် ဘယ်လိုလုပ်ပေးမလဲ ဆိုတဲ့ဟာမျိုးတွေပေါ့။ သူတို့ကတော့ ဥပမာ ဘိလပ်မြေ ဘယ်နှလုံးတို့၊ သံ ဘယ်လောက်တို့ ချပေးတယ် ဆိုပြီး အဲဒါတွေက မြေရှင်တွေက ရတယ်လေ ဟုတ်တယ်မလား။ ဟို တိုက်ခန်းဝယ်ထားတဲ့ တိုက်ခန်းပိုင်ရှင်တွေက မရဘူးကွာ။ အခုပြဿနာက ဘာတွေ တွေ့နေလဲဆိုရင် အဲလို ကန်ထရိုက်တိုက် ဆောက်ထားတဲ့ဟာတွေမှာ မြေရှင်တွေက နဂိုမူလ နေခဲ့တဲ့ အခန်းပိုင်ရှင်တွေကို ပြန်မပေးချင်လို့ ညစ်တာမျိုးတွေ၊ ထွက်ပြေးနေတာမျိုးတွေ ရှိတယ်။”

ငလျင်ဒဏ်သင့် ပြည်သူတချို့ဟာ ငလျင်ကယ်ဆယ်ရေးစခန်းတွေမှာ လက်ရှိအချိန်ထိ နေထိုင်နေကြတဲ့အတွက် အခုလို ဗဟိုဘဏ်က ချေးငွေကိစ္စကို ငလျင်ကယ်ဆယ်ရေးစခန်းတွေထဲ သွားပြီး ရှင်းပြပေးစေချင်တယ်လို့လည်း မန္တလေးမြို့ခံက ဆိုပါတယ်။

“အကောင်းဆုံးက ဘယ်လိုလဲဆိုရင် ဒီ ငလျင်ဒဏ်ထိတဲ့ မန္တလေးတို့၊ ပျဉ်းမနားတို့၊ ဒီ စစ်ကိုင်းတို့ အဲလိုမျိုးဟာတွေမှာ အဖွဲ့တွေ ဖွဲ့ပြီးတော့ ငလျင်ရှောင်စခန်းတွေ၊ ဒုက္ခသည်စခန်းတွေမှာ၊ ငလျင်ဘေးသင့် ပြည်သူတွေနေတဲ့ စခန်းတွေကိုသွား၊ သွားပြီးတဲ့အချိန်မှာ ဒီလို plan တွေ ရှိတယ်၊ ဒီလို ချေးငွေတွေ ထုတ်လို့ရတယ် ဆိုတာကို သူတို့ အဖွဲ့တွေက ကိုယ်တိုင် သွားရှင်းပြပြီး လိုချင်တဲ့လူ တခါတည်း လျှောက်လွှာတင်တဲ့ ပုံစံမျိုးနဲ့ လုပ်ပေးရင်တော့ ပိုထိရောက်တာပေါ့လေ၊ ပိုပြီးတော့ မြန်ဆန်တာပေါ့။”

အိမ်နဲ့ အဆောက်အဦအတွက် အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းတွေအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနဲ့ ရင်းနှီးမြှုပ်နှံမှုချေးငွေ အတိုးနှုန်း ၅ ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးတွေ ပြန်လည်ပြုပြင်ရေးနဲ့ လည်ပတ်နိုင်ရေး ချေးငွေ အတိုးနှုန်း ၇ ရာခိုင်နှုန်း၊ နိုင်ငံပိုင် အခြေခံ အဆောက်အအုံတွေကို တာဝန်ယူ တည်ဆောက်နေတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအတွက် ယာယီချေးငွေ အတိုးနှုန်း ၇ ရာခိုင်နှုန်းတို့နဲ့ ထုတ်ချေးသွားမယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တကယ်ဆိုရင် ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ အတိုးနှုန်းတွေဟာ သက်သာတဲ့နှုန်းထား ဖြစ်တယ်လို့ ဘဏ်ဝန်ထမ်းတယောက်က ဆိုပါတယ်။

ပုံမှန်အခြေအနေမှာဆိုရင် လုပ်ငန်းလုပ်ဖို့ ချေးတာဆိုရင် ၁၅ ရာခိုင်နှုန်းလောက် ရှိတာဖြစ်တဲ့အတွက် အတိုးနှုန်း ၇ ရာခိုင်နှုန်းဆိုရင် တဝက်လောက် သက်သာတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်က အပေါ်ယံလောက်ပဲ ကြေညာထားတာလို့ ဆိုပါတယ်။

ဘဏ်ဝန်ထမ်းတယောက်က “ဒါက လူကြားကောင်းအောင်၊ လူမြင်ကောင်းအောင် ကြေညာပေးတာပဲ ရှိတာ။ တကယ့်တကယ် ချေးပြီဆိုရင် ပါမှာပေါ့ကွာ၊ ဘယ်နှနှစ် ပြန်ဆပ်ရမယ်၊ ဘယ်နှနှစ်အတွင်း ပြန်ဆပ်ရမယ်ဆိုတဲ့ဟာမျိုးတွေ။ နောက်ပြီးတော့ လူတိုင်းတော့ ရမယ်မထင်ဘူး။ သူနဲ့ နီးစပ်ရာ၊ နီးစပ်ရာတော့ ပိုရဖို့ များမှာပေါ့။ ချေးငွေတခုချေးရင် အာမခံပေးရတာကိုး၊ ပြန်မဆပ်ရင် အာမခံကို သိမ်းမှာကွာ။ ဥပမာ မြေတို့ ဘာတို့ ပေးရတာများတယ်။ လုပ်ငန်းသုံး ပိုက်ဆံလိုတယ်ဆိုရင် ဘဏ်မှာ သွားချေးပြီဆိုရင် မြေပိုင်ဆိုင်မှုတို့ အိမ်တို့ အပေါင်ပေးရတယ်။ အဲလိုမျိုး ပုံမှန်ဆိုရင် အာမခံ ပေးရတယ်။ ဒီမှာက အာမခံတွေ ဘာတွေ မပြောထားဘူး ဆိုတော့လေ၊ သူကြေညာတာက ဒီအတိုင်းလေးပဲပေါ့ကွာ၊ အပေါ်ယံလေးပဲ ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

ချေးငွေအစီအစဉ်ကို AYA (ဧရာဝတီဘဏ်)၊ UAB (ယူနိုက်တက် အမရာဘဏ်)၊ CB ဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ စစ်တပ်ပိုင် မြဝတီဘဏ်၊ အင်းဝဘဏ်တွေနဲ့ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွေအပြင် ငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့ Best Merchant Finance Co., Ltd နဲ့ Zega Finance Co., Ltd တို့မှာ လျှောက်ထားနိုင်ပြီး ၃ နှစ်ကနေ ၅ နှစ်အထိ သက်တမ်းရှိ ချေးငွေကို အတိုးနှုန်းသက်သာစွာနဲ့ ထုတ်ချေးပေးမယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013