DVB Logo
Home
မြန်မာသတင်း
မတ္တရာတွင် PDF စိုးမိုးနယ်မြေများကို စစ်ကောင်စီတပ် ပြန်သိမ်း
DVB
·
October 24, 2025
မတ္တရာတွင် PDF စိုးမိုးနယ်မြေများကို စစ်ကောင်စီတပ် ပြန်သိမ်း
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက PDF စိုးမိုးနယ်မြေအများစုကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မြင်းခြံခရိုင် တခုလုံးကိုလည်း စစ်ကောင်စီတပ်က ဖိအားပေး တိုက်ခိုက်နေပြီး ရွေးကောက်ပွဲအမီ နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

မတ္တရာမြို့နယ်က PDF စိုးမိုးနယ်မြေ အများစုကို စစ်ကောင်စီက အောက်တိုဘာလထဲမှာ ပြန်သိမ်းယူခဲ့တာပါ။

မတ္တရာနယ်မှာ ၇၀၈ တပ်ရင်းက စစ်ကြောင်းတွေခွဲပြီး အဓိက ထိုးစစ်ဆင်နေတာမှာ လတ်တလော မတ္တရာနယ် အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေး ရွာတွေဖြစ်တဲ့ ဥဒိန်၊ မြွေကူးတို့ဆိပ်၊ မြွေပုသိမ်၊ မြွေတဲအုပ်၊ ရွာသစ် စတဲ့ရွာတွေမှာ စစ်ကြောင်းတွေ ရှိနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကြောင်းတွေဝင်ခဲ့တဲ့ လမ်းတလျှောက်မှာ ရွာသားတွေကို ဖမ်းဆီးတာ၊ ထွက်ပြေးတဲ့သူတွေကို ပစ်သတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေကို စစ်ကောင်စီက သူတို့ထွက်ပြေးစေချင်တဲ့ဘက်ကို လမ်းကြောင်းပေးပြီး ခြိမ်းခြောက် ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ရှိရှိ နယ်မြေချဲ့ပြီးတော့ ပြည်သူတွေကို သူတို့ပိုင်နက်ဘက် လှေ့ယူနေတဲ့သဘော သက်ရောက်တယ်လို့ မတ္တရာ PDF သတင်းပြန်ကြားရေး တာဝန်ရှိသူ ကိုဒေါင်းက ပြောပါတယ်။

“စစ်မျက်နှာပြင်ကတော့ ဆည်တော်တမန်ကြီးကနေ လွှတ်လာတဲ့ ချောင်းရဲ့တောင်ဘက် အကုန်လုံးက စစ်မျက်နှာပြင် ဖြစ်နေပါတယ်။ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်း၊ ချောင်းမကြီးရဲ့ တောင်ဘက်ခြမ်း အကုန်လုံးက မတ္တရာမြို့ပတ်လည်မှာ စစ်မျက်နှာပြင်ပုံစံမျိုး ဖြစ်နေပါတယ်။ စစ်ကြောင်းတွေကလည်း မြစ်ကမ်းဘေးမှာတွေရော ချောင်းဘေးပတ်လည်တွေမှာရော အကုန်လုံး ရှိနေပါတယ်ဗျ။ ကျနော်တို့ မတ္တရာနယ် အရှေ့မြောက်ခြမ်းဘက်နဲ့ မတ္တရာနယ် အရှေ့ခြမ်းဘက်က တော်တော်များများကို စကစဘက်ကို ပေးလိုက်ရတဲ့ နယ်မြေတွေ တော်တော်များများ ရှိနေပါတယ်ဗျ။ ကျနော်တို့ မတ္တရာနယ် နောက်ခြမ်းတခြမ်းလုံးရယ်၊ ရှေ့ခြမ်းတခြမ်းလုံး၊ မတ္တရာ့အရှေ့ဘက် အနောက်ဘက်တွေ အကုန်လုံးနီးပါး ပေးလိုက်ရပါတယ်ဗျ။ နယ်မြေတွေ ပေးလိုက်ရတာတော့ နှမြောတာပေါ့ဗျာ။ တော်လှန်ရေးနယ်မြေတွေရအောင် ကျနော်တို့ အသက်တွေ ချွေးတွေ သွေးတွေနဲ့ ရင်းနှီးပြီး ရယူထားတဲ့ နယ်မြေတွေကို ဒီအတိုင်း ပြန်ပေးလိုက်ရတာတော့ ရင်ထဲ အရမ်းခံစားရတာပေါ့။ အဓိက စစ်ရေးမှာက အရင်ကလို မဟုတ်တော့ဘူးဗျ။ အခုစစ်ဆင်ရေးတွေက ကျနော်တို့ဘက်က ခံစစ်တောင့်ခံတဲ့အချိန်မှာ ရန်သူ စကစဘက်က နေပြီးတော့ လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်၊ လက်နက်ကြီးနဲ့ ပစ်တယ်၊ ဒရုန်းတွေနဲ့ လာပြီးတော့ တိုက်တယ်။ အဲဒီအခါမှာ ကျနော်တို့က ပြန်ပြီး မတုံ့ပြန်နိုင်တဲ့အတွက် ပြန်ပေးလိုက်ရတဲ့ အပိုင်းတွေလည်း ရှိတယ်ဗျ။”

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေနဲ့အတူ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၃၅ ခုအထိ သိမ်းပိုက်ရရှိခဲ့တယ်လို့ ၂၀၂၄ ဇူလိုင်လမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ထုတ်ပြန်ခဲ့တာပါ။

လက်ရှိအခြေအနေမှာတော့ စခန်းအများစုကို ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပြီး အတိအကျ စာရင်းကိုတော့ အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာလည်း စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ဆက်တိုက် ဖိအားပေး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက် သေဆုံးမှု များနေတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၉ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောပါတယ်။

“လောလောဆယ်မှာတော့ မြင်းခြံ၊ နွားထိုး၊ တောင်သာ၊ မလှိုင် ၄ မြို့နယ်လုံးမှာ အကုန်လုံး ပိတ်ထိုးနေတာ။ ထိခိုက်ကျဆုံးမှုတွေက နှစ်ဖက်စလုံးမှာရှိတယ်၊ တော်တော်လေးများတယ်ဗျ။ တော်လှန်ရေးတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှု တော်တော်များတယ်၊ စစ်ကောင်စီဘက်ကလည်း တော်တော်များတယ်။ ကိုယ့်ဘက်က လက်နက်တွေကိုလည်း ရန်သူကရသလို ရန်သူ့လက်နက်တွေကိုလည်း ကိုယ့်ဘက်က ရရှိထားတာရှိတယ်။ ကျန်တဲ့ စစ်ရေး အသေးစိတ်ကတော့ အခုချိန်အထိ စစ်ရေးက တင်းမာနေဆဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မပြောချင်သေးပါဘူးဗျ။ လောလောဆယ်မှာတော့ အကောင်းဆုံး ကြိုးစားနေတဲ့ အချိန်ပါဗျ၊ အဲဒီလိုမျိုးပါ။”

၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေအလွန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက စစ်ရေးအသာစီး ယူနိုင်ခဲ့ပေမဲ့ တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ဖိအားပေးခဲ့တာကြောင့် စစ်ရေးအခြေအနေ ပြန်ပြောင်းခဲ့တာပါ။

စစ်ကောင်စီက ရှမ်းမြောက်နဲ့ နယ်မြေချင်း ဆက်စပ်နေတဲ့ မန္တလေးတိုင်းထဲက မြို့နယ်တွေကို ပြန်ထိန်းချုပ်ဖို့ အင်အားသုံး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မြင်းခြံနယ်ကတော့ မကွေးတိုင်း၊ ပခုက္ကူနဲ့ နယ်မြေချင်း ထိစပ်နေတာကြောင့် မကွေးတိုင်းဘက်က PDF တွေ မန္တလေးဘက် ကျွံဝင်မလာနိုင်အောင် ဖိအားပေးနေတာ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013