DVB Logo
Home
မြန်မာသတင်း
ကချင်တွင် စစ်ရေးအထိနာခဲ့သည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေ
DVB
·
October 24, 2025
ကချင်တွင် စစ်ရေးအထိနာခဲ့သည့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေ
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်၊ ခေါင်လန်ဖူးမြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းထန် ပြုလုပ်ခဲ့ပြီး အရပ်သားတွေ သေဆုံးထိခိုက်ခဲ့တယ်လို့ KIA က ပြောပါတယ်။

ဖားကန့် အခြေစိုက် KIA တပ်မဟာ ၉၊ တပ်ရင်း ၆ နေရာကို အောက်တိုဘာ ၂၂ ရက်မှာ စစ်တပ်က နေ့ရောညပါ လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးထိခိုက် အခြေအနေကိုတော့ မသိရသေးပါဘူး။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “တပ်ရင်း ၆ ဘက်မှာ ဗုံးကြဲခံရတဲ့ အခြေအနေတော့ ကြားရပါတယ်။ ဒါပေမဲ့ သေဆုံးထိခိုက်တော့ မကြားမိသေးဘူး။ ကျနော့်ကို သတင်းပေးလာတဲ့ အထဲမှာလည်း သေဆုံးထိခိုက်စာရင်း မပါဘူး။ ဗန်းမော်ဘက်မှာရော နေ့တိုင်းလို ဗုံးကြဲနေတာ ရှိတယ်။ ဝိုင်းမော် လမြန်ဘက်မှာလည်း ကြဲတာ ရှိတယ်။ မနေ့က လန်ဆန်ဘက်လည်း ဗုံးကြဲတာ ရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ်တဲ့ ပြည်သူလူထု နေရာကို ဗုံးကြဲတာလည်း ရှိတယ်” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာ ဖားကန့် မရှီကထောင်ရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပူးပေါင်းတပ်တွေ ဆိုင်းတောင်ရွာဘက်ကို ဦးတည် စစ်ကြောင်းထိုးလာချိန် KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက် ၂ ရက်ဆက်တိုက် တပ်ရင်း ၆ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် KIA ထိန်းချုပ်ထားတဲ့ လန်ဆယ်ရွာကို စစ်ကြောင်းထိုးဖို့ ပြင်နေတဲ့ ခေါင်းလန်ဖူးမြို့နယ် အတွင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ရဲ့ ရှေ့တန်းစခန်း ၂ ခုကို အောက်တိုဘာ ၂၀ ရက်မှာ KIA ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်ပြီးနောက် လန်ဆယ်ရွာတဝိုက်ကို နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်နေပါတယ်။

မြေပြင်မှာ စစ်ရေးအထိနာလို့ လေကြောင်းနဲ့ အရပ်သားတွေကို တိုက်ခိုက်ပြီး ဖိအားပေးတဲ့ ဗျူဟာကို အသုံးပြုနေတာလို့ ကချင်စစ်ရေးလေ့လာသူတယောက်က သုံးသပ် ပြောပါတယ်။

“သူက (စကစ) မြေပြင်မှာ အထိနာတာ၊ စစ်ရေးလှုပ်ရှားရ ခက်လာတာမျိုးဆိုရင် လေကြောင်းနဲ့ ဖိအားပေးတာ အရင်ကတည်းက လုပ်နေတာပေါ့။ အခု ဒီရက်ပိုင်း ကချင်စစ်မျက်နှမှာ စကစတွေ အထိနာတဲ့အပိုင်းတွေ တွေ့ရတယ်။ အထူးသဖြင့် ခေါင်လန်ဖူးနဲ့ ဗန်းမော်ဘက်မှာ ရှေ့တန်းစခန်းတွေ ပြန်သိမ်းမိတာတွေ ရှိတယ်။ ဆိုတော့ စကစ သူ့အားသာချက်ဖြစ်တဲ့ လေကြောင်းနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကိုလည်း လာကြဲတယ်။ တိုက်ပွဲမဖြစ်လည်း KIA ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေထဲက အရပ်သားတွေကို သတ်ဖြတ်ပြပြီး အုပ်ချုပ်နေတဲ့ အဖွဲ့တွေကို ဖိအားပေးတဲ့ နည်းကို ဗျူဟာတခုလို သုံးနေတာ။”

အောက်တိုဘာ ၂၁ ရက်မှာ စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ လနဲ့ချီ စစ်ကြောင်းထိုးနေတဲ့ ဝိုင်းမော်မြို့အထွက်က လမြန်ရွာကိုလည်း လေကြောင်းနဲ့ လေးကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

KIA ရဲ့ စာရင်းအရ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခေါင်လန်ဖူးမြို့နယ် လာဘော်ရွာမှာ အသက် ၇၀ အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ဝိုင်းမော်မှာ အရပ်သား ၃ ယောက် ထိခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013