
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲမှာ စစ်အာဏာရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
စစ်တပ်ဘက်က ရေကြောင်း၊ လေကြောင်း၊ မြေပြင်စတဲ့ လမ်းကြောင်းစုံကနေ ထိုးစစ်ဆင်ကာ မြစ်ကြောင်းတလျှောက် စစ်သင်္ဘောတွေ ဆန်တက်နိုင်ဖို့ ကြိုးစားနေသလို ရွှေကူမြို့တွင်းမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်ပြီး စားဝတ်နေရေး ကျပ်တည်းတဲ့ဒဏ်ကို ဒေသခံတွေ ကြုံတွေ့နေကြရပါတယ်။
ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး မန္တလေးမှတဆင့် ရွှေကူနဲ့ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ သင်္ဘောတွေဟာ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုနဲ့ ရာသီဥတု အခြေအနေတွေကြောင့် ကသာကနေ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်ခဲ့ပါတယ်။
ရွှေကူဘက်မှာတော့ စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းအပြင် လေကြောင်းကနေ လမ်းရှင်းတာတွေ လုပ်ဆောင်နေသလို မြေပြင်ကနေလည်း တပ်မ ၃၃၊ တပ်မ ၉၉ စတဲ့ လက်အောက်ခံတပ်တွေနဲ့ စစ်ကြောင်း ၄ ကြောင်းခွဲကာ ထိုးစစ်ဆင်နေပါတယ်။
ဒါပေမဲ့ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ခုခံမှုကြောင့် ရွှေကူမြို့ပတ်လည်က ရှေ့တန်းစစ်မျက်နှာတွေမှာလည်း စစ်ကြောင်းတွေ ရပ်တန့်နေတယ်လို့ KIO/KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“သင်္ဘောသတင်းတွေကတော့ မနက် ၆ နာရီကနေ ကသာကနေ ရွှေကူဘက်ကို ဆန်တက်လာတယ်ဆိုတဲ့ သတင်းရှိပါတယ်။ ဒါပေမဲ့ လေကြောင်းကနေ သူတို့ လမ်းရှင်းပေးမှ တက်တာ။ မိုးကတော့ တအားကြီးနေလို့ ရာသီဥတု ဆိုးဆိုးဝါးဝါးဖြစ်နေလို့ လေကြောင်းကနေ လမ်းမရှင်းပေးနိုင်လို့ အခုရောက်တဲ့နေရာမှာ ပြန်ရပ်တန့်နေတယ်ဆိုတဲ့ သတင်းလောက် ကြားရပါတယ်။ ကချင်ပြည်နယ်ဘက်မှာကတော့ ဒီနေ့ကနေစပြီးတော့မှပဲ သင်္ဘောတွေ လာတယ်လို့ ပြောရမှာပေါ့။ ရွှေကူဘက်ကတော့ သင်္ဘောရဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ နေ့တိုင်းလိုလို တိုက်ပွဲတွေ ရှိပါတယ်။ အားလုံးကတော့ အဲဒီစစ်ကြောင်းတွေ တပ်မ ၃၃ တွေ ၉၉ တွေပေါ့နော်၊ အဲမှာ ရပ်တန့်နေတယ်လို့ ရှေ့တန်းက သတင်းပေးတာရှိပါတယ်။”
စစ်အာဏာရှင်တပ်ဟာ ရွှေကူမြို့ဝန်းကျင်၊ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း ၂ နေရာခွဲကာ ထိုးစစ်ဆင်နေခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် မြစ်အနောက်ဘက်ခြမ်းကနေ အင်အား ၂၀၀ လောက်နဲ့ လမ်းရှင်းနေတဲ့အဖွဲ့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်တာကြောင့် လက်ရှိမှာ အင်အား ၁၀၀ လောက်သာ ကျန်တော့တဲ့အကြောင်း KIA ဘက်က ပြောပါတယ်။
ဒီလိုမျိုး မြို့ပြင်နဲ့ ကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ ရွှေကူမြို့ပေါ်မှာတော့ လတ်တလော တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးပါဘူး။
ဒါပေမဲ့ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းရန်နဲ့ မြို့ထဲကို လက်နက်ကြီးကျရောက်မဲ့ အန္တရာယ်ကြောင့် မြို့ခံတွေဟာ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
ရွှေကူမြို့ခံ အမျိုးသမီးတယောက်က “ရွှေကူမြို့တွင်းမှာက ပြည်သူတွေအနေနဲ့ စစ်မဖြစ်ပေမဲ့ ကိုယ့်ခေါင်းပေါ်ကို ဘယ်အချိန် လက်နက်ကြီးကျမလဲ အမြဲစိုးရိမ်နေရတာပါ။ လမ်းတွေကလည်း ပတ်ပတ်လည် အကုန်ပိတ်ထားတော့ ကုန်ကားတွေက အကြာကြီးနေမှ တခါဝင်တော့ ဈေးတွေ အဆမတန် ကြီးပါတယ်။ နေ့စား၊ တနေ့လုပ် တနေ့စားတွေဆို မြို့တွင်းမှာ အလုပ်မရှိတော့ ငတ်နေကြပါတယ်။ ကျေးတောဘက်ကဟာတွေဆိုလည်း ပြေးခဲ့ရတော့ ဘာမှမပါတဲ့ မိသားစုတွေဆို နေစရာမရှိ၊ အိမ်ငှားခလေးပေးပြီး ချက်စားစရာ၊ ခြုံစောင်တောင် မပါတဲ့သူတွေ ရှိပါတယ်။ ဒါကတော့ မြင်သလောက်ပေါ့ရှင်။ ပြီးတော့ နှစ်ဖက်အုပ်ချုပ်မှုက လွတ်နေတော့ မြို့ထဲမှာ ဆေးသမားတွေ၊ ခိုးတာ၊ လုတာတွေလည်း ရှိနေပါတယ်” လို့ ပြောပါတယ်။
လတ်တလော အခြေအနေတွေအရ ရွှေကူမြို့နယ်အတွင်းက ငအိုး-ရွှေကူလမ်းအပြင် ၄ လမ်းဆုံ၊ ရွှေဘုန်းမြင့်ရွာ၊ တော်လှန်ရွာနဲ့ ကိုင်ရွာ စတဲ့ မြို့ပတ်လည်ကျေးရွာတွေဘက်မှာ နှစ်ဖက် စစ်ရေး ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ပိုမိုပြင်းထန် ကျယ်ပြန့်လာနိုင်တဲ့ အလားအလာတွေကြောင့် မြို့ခံတွေနဲ့ ကျေးလက်နေ စစ်ဘေးရှောင် ပြည်သူတွေအတွက်တော့ အသက်အန္တရာယ် လုံခြုံရေးအပြင် စားနပ်ရိက္ခာနဲ့ အခြေခံ အသုံးအဆောင် အကူအညီတွေ အရေးပေါ် လိုအပ်လာပါတယ်။











