
ဗြိတိန် ချားစ်ဘုရင်နဲ့ ပုပ်ရဟန်းမင်း လီယိုတို့ဟာ အောက်တိုဘာ ၂၃ ရက်က ဗာတီကန်မြို့ စစ္စတင်း ဘုရားကျောင်းမှာ သမိုင်းဝင် အတူတွဲ ဝတ်ပြုခဲ့ကြပါတယ်။
၁၅၃၄ ခုနှစ်မှာ အဋ္ဌမမြောက် ဟင်နရီဘုရင်က ကက်သလစ်သာသနာကနေ အင်္ဂလီကန် အသင်းတော်ကို ခွဲထွက်ခဲ့ပြီး နောက်ပိုင်းမှာ ဗြိတိန်ဘုရင်နဲ့ ကက်သလစ်ပုပ်ရဟန်းမင်းတို့ အတူတွဲ ဝတ်ပြုတာ အနှစ် ၅၀၀ နီးပါးအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
အင်္ဂလီကန်ကျောင်းတော်နဲ့ ကက်သလစ်ကျောင်းတော်ရဲ့ အကြီးအမှူးတွေ အတူတွဲ ဝတ်ပြုတာနဲ့ ကြည့်မယ်ဆိုရင်တော့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
မိုက်ကယ်အိန်ဂျလို ရေးဆွဲခဲ့တဲ့ ‘Last Judgment’ နံရံဆေးရေးပန်းချီကားကြီးရှေ့မှာ ပုပ်ရဟန်းမင်းက “ဆုတောင်းကြပါစို့” လို့ ပြောလိုက်တဲ့အချိန်မှာ ဝဲဘက်မှာထိုင်နေတဲ့ Church of England ရဲ့ Supreme Governor ဖြစ်တဲ့ ချားစ်ဘုရင်နဲ့ မိဘုရား ကမီလာတို့ အတူဝတ်ပြုခဲ့တာ ဖြစ်ပါတယ်။
လက်တင်လို ဝတ်ရွတ်သံတွေနဲ့ အင်္ဂလိပ်လို ဆုတောင်းသံတွေ ရောယှက်သွားခဲ့ပြီး ဝတ်ပြုပွဲကို ပုပ်ရဟန်းမင်းနဲ့အတူ အင်္ဂလီကန်ဂိုဏ်းချုပ်ဆရာတော် စတီဖင် ကော့ထရဲလ်က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ချားလ်စ်ဘုရင်နဲ့ မိဘုရား ကမီလာ တို့ဟာ ပုပ်ရဟန်းမင်း လီယိုနဲ့ အဲဒီနေ့ မနက်ပိုင်းက သီးသန့် တွေ့ဆုံခဲ့ပါသေးတယ်။
ညနေပိုင်းမှာတော့ သူတို့ဟာ ရောမမြို့က ‘စိန့်ပေါလ် ဘုရားကျောင်းကြီး’ ကို သွားရောက်ခဲ့ကြပါတယ်။
အဲဒီဘုရားကျောင်းဟာ သာသနာပြုပြင်ပြောင်းလဲမှု မတိုင်ခင်က ဗြိတိန်ဘုရင်စနစ်နဲ့ သမိုင်းဝင် ဆက်နွှယ်မှုရှိခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
Source: Reuters










