
မြိတ်ခရိုင်အခြေစိုက် ခလရ ၁၀၃ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ခဲယမ်းနဲ့တကွ ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ထွက်ပြေးလာတဲ့ တပ်သား ၂ ယောက်ဟာ ခလရ ၁၀၃ တပ်ရင်းကနေ တနင်္သာရီမြို့နယ်ဘက်ကို အောက်ကင်းရွာအခြေစိုက် ခမရ ၅၇ တပ်ရင်းကို တာဝန်လွှဲပြောင်းခံရပြီးနောက် စက်တင်ဘာ ၂၈ ရက်နဲ့ အောက်တိုဘာ ၂ ရက်နေ့တို့မှာ ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာကြတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ကျနော်တို့တပ်ရင်းမှာ ရှိတုန်းပါ။ သူတို့မှာ သေနတ်ပါလာတဲ့အတွက် ခံစားခွင့်တွေ အားလုံး ဆောင်ရွက်ပေးပြီးပြီ။ မြိတ်ဘက်ကနေ အောက်ကင်းရွာက ခမရ ၅၅၇ တပ်ကို ပို့ဆောင်ထားတဲ့ တပ်သားတွေပါ။ ဘန်းလမွတ်ရွာအဝင်မှာ တပ်စုအနေနဲ့ ညွှန်ကြားချက်အရ ကင်းလာစောင့်နေတုန်း အချိတ်အဆက်နဲ့ ထွက်ပြေးလာတယ်။”
ဘက်ပြောင်းလာသူ ၂ ယောက်ဆီက MA-2 တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၂၆၀ တောင့်တို့ ပါလာပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကနေ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ပြောပါတယ်။
အခုနှစ် ဇူလိုင် ၃၀ ရက်က အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းက တပ်သားတယောက် လက်နက်နဲ့တကွ တနင်္သာရီမြို့နယ် ပကဖအဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာခဲ့ပါသေးတယ်။
နောက်ထပ် ဘက်ပြောင်းလာမယ့် တပ်သားသစ်တွေကိုလည်း ဆက်လက်ကြိုဆိုသွားမှာဖြစ်ပြီး တနင်္သာရီတိုင်း စစ်ဌာနရဲ့ တပ်ရင်းတပ်ဖွဲ့တွေထံ လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံပါက ထိုက်သင့်တဲ့ ဂုဏ်ပြုချီးမြှင့်မှုတွေ လုပ်ပေးသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။










