DVB Logo
Home
မြန်မာသတင်း
မြဝတီမှ ကျားဖြန့်လုပ်သားများ ထိုင်းဘက် ဆက်တိုက်တိမ်းရှောင်၊ လူ ၁,၀၀၀ ခန့် ရှိလာနိုင်
DVB
·
October 23, 2025
မြဝတီမှ ကျားဖြန့်လုပ်သားများ ထိုင်းဘက် ဆက်တိုက်တိမ်းရှောင်၊ လူ ၁,၀၀၀ ခန့် ရှိလာနိုင်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ KK Park ဝင်းအတွင်းက ကျားဖြန့် ငွေလိမ်ရာဇဝတ်ဂိုဏ်း လုပ်ငန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတဲ့အတွက် ကျားဖြန့်ဂိုဏ်းသားတွေ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတာမှာ အောက်တိုဘာ ၂၃ ရက်ထိ အယောက် ၅၀၀ ကျော် ရှိသွားပြီဖြစ်ပြီး ဒီကနေ့ညထိဆိုရင် ၁,၀၀၀ လောက် ရှိလာနိုင်မယ်လို့ မဲဆောက်တာဝန်ရှိသူတွေက ခန့်မှန်းပြောပါတယ်။

တရုတ်နိုင်ငံသား အများစု ပါဝင်တဲ့ နိုင်ငံခြားသားတွေဟာ အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းကစ ဒီကနေ့ထိ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး နေ့ရော ညပါ အဆက်မပြတ် ဝင်လာကြတယ်၊ တချို့က လှေကိုတောင် စောင့်မစီးဘဲ ရေထဲ ခုန်ချ လက်ပစ်ကူးပြီး ဝင်ရောက်လာတယ်၊ မဲဆောက်မြို့ရဲ့ ဒီကနေ့အခြေအနေမှာ နိုင်ငံခြားသားတွေနဲ့ စည်ကားနေပြီး တာဝန်ရှိသူတွေက စီစဉ်ထားပေးတဲ့ နေရာ ၄ ခုမှာ လူပေါင်း ၅၀၀ ကျော် ရှိတယ်လို့ တာဝန်ရှိသူက ပြောကြောင်း မဲဆောက် ထာ့ဆိုင်လွတ်ရပ်ကွက် စီမံအုပ်ချုပ်ရေးရုံးရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

လက်ရှိ ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ နယ်စပ်မျဉ်းတလျှောက်မှာ ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်း၊ နရေးဆွန်စစ်ကြောင်းနဲ့ နယ်ခြားစောင့်တပ်အပြင် နောက်ထပ် လုံခြုံရေးတပ်ဖွဲ့တွေပါ အင်အားတိုးမြှင့်ချထားတယ်၊ ဒီကြားထဲမှာ မြန်မာအာဏာပိုင်တွေဟာ လာမယ့် အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်မှာလည်း ကျားဖြန့်ဂိုဏ်းတွေကို နောက်ထပ် ဝင်ရောက်နှိမ်နင်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်၊ ဒါကြောင့် တဖက်နိုင်ငံက နိုင်ငံခြားသားတွေဟာ ခရီးဆောင်အိတ်တွေ ကိုယ်စီနဲ့ အဆက်မပြတ်ဝင်လာတယ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားနားမှာဆိုရင် အချိန်တနာရီအတွင်း လူ ၂၀၂ ယောက် ဝင်လာတယ်၊ ဒီနှုန်းအတိုင်းဆိုရင် ဒီနေ့ညထိ စုစုပေါင်း လူဦးရေ ၁,၀၀၀ ကျော် ရှိလာနိုင်တယ်လို့  တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုပါတယ်။

ထိုင်းကို မ​ရောက်လာ​သေးဘဲ မြဝတီဘက်ခြမ်းရှိ သဘာဝဂိတ်မှာရော မြန်မာ-ထိုင်း ချစ်ကြည်​ရေးတံတား အမှတ် ၁ မှာပါ ထိုင်းဘက်ကို ပြန်ဝင်လာဖို့ ​စောင့်ဆိုင်း​နေတဲ့ နိုင်ငံခြားသားတွေလည်း ရှိနေပါတယ်။

ဝင်ရောက်လာသူတွေကို ထိုင်းနိုင်ငံက ခေါ်ဆောင် နေရာချထားပေးပြီး နောက်ထပ်နေရာ တိုးချဲ့ ပြင်ဆင်ထားတယ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးရုံး၊ ခရိုင်လူသားရင်းမြစ်ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဌာနက တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တဖက်နိုင်ငံက ထွက်ပြေးလာတဲ့သူတွေကို ဘယ်သူက လူကုန်ကူးခံရသူ၊ ဘယ်သူက မိမိဆန္ဒအတိုင်း ဝင်ရောက်လုပ်ကိုင်သူ စသဖြင့် စစ်ဆေးမေးမြန်းပြီး ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။

Source: မဲဆောက် ထာ့ဆိုင်လုတ်ရပ်ကွက်စီမံအုပ်ချုပ်ရေးဌာန

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013