DVB Logo
Home
မြန်မာသတင်း
ပူတာအိုခရိုင်၊ လန်ဆယ်ရွာအနီးကို စစ်တပ်က ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်
DVB
·
October 23, 2025
ပူတာအိုခရိုင်၊ လန်ဆယ်ရွာအနီးကို စစ်တပ်က ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ ပြည်သူ့စစ်တပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် စစ်တပ်က လန်ဆယ်ကျေးရွာ အပါအဝင် အနီးတဝိုက် ကျေးရွာတွေကို ဆက်တိုက် လေကြောင်းတိုက်ခိုက်နေပါတယ်။

ပူတာအိုခရိုင် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်တွေဘက်က တပ်စခန်း ၂ ခုကို လက်လွှတ်လိုက်ရပြီးနောက် အောက်တိုဘာ ၂၀၊ ၂၁၊ ၂၂ ရက်အထိ ၃ ရက်ဆက်တိုက် လန်ဆယ်ကို ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“၃ ရက်ဆက်တိုက် ရှိပြီ။ ၂၀ ရက်နေ့ကတည်းကနေဆိုရင်။ မနေ့ကတော့ လန်ဆယ်တဝိုက် ဗုံးကြဲသွားတာ အလုံး ၂၀ လောက် ရှိမယ်ကော။ တနေ့က ၂၁ ရက်နေ့က ဗုံးကြဲတုန်းက ဘုရားကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးသွားတာ အဲ့ရွာနားပြန်ကျတာ ၃ လုံး။ ဟိုး ၂၀ ရက်နေ့ကတော့ လန်ဆယ်ရွာနားက လပေါကျေးရွာဆိုတာ အဲ့က ရွာခံ အမျိုးသားတယောက် သေတယ်။ အခု သူတို့ စခန်းရှုံးတော့ အဲ့နေ့ကနေ Y12 နဲ့ လာပစ်တာ ၃ ရက်ဆက်ရှိပြီ။”

အောက်တိုဘာ ၂၀ ရက်က စစ်တပ်ဗုံးကြဲခဲ့တာကြောင့် လန်ဆယ်အနီး လပေါကျေးရွာက ရွာခံအမျိုးသားတယောက် သေဆုံးခဲ့ပြီး အောက်တိုဘာ ၂၁ ရက်နေ့မှာလည်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် လန်ဆယ်ထဲက ပြည်သူပိုင်စျေးဆိုင်တခု ထိခိုက်ပျက်စီးသွားခဲ့သလို တန်ဒေရွာနဲ့ နာပေရွာတွေထဲက နေအိမ်တချို့ အပါအဝင် ဘုရားကျောင်းဆောင်တွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၂ ရက်လည်း စစ်တပ်က အကြိမ် ၂၀ ထက်မနည်း လန်ဆယ်တဝိုက်ကို ဗုံးကြဲသွားပါတယ်။

အောက်တိုဘာ ၁၉ ရက်က ခေါင်လန်ဖူးမြို့နယ်၊ ရှီးလာန်ဒမ်းကျေးရွာအနီးရှိ ပြည်သူ့စစ် တပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၀ ရက်နေ့မှာလည်း မခေါင်ဒမ်းကျေးရွာ ဆုတောင်းကုန်းရှိ ပြည်သူ့စစ်တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မခေါင်ဒမ်းကျေးရွာ ဆုတောင်းကုန်းရှိ ပြည်သူ့စစ်တပ်စခန်းဟာ လန်ဆယ်နဲ့ ခေါင်လန်ဖူးကြားရှိ လန်ဟီဆင် KIA စခန်းနဲ့ အနီးကပ်ဆုံးရှိနေပြီး မခေါင်ဒမ်းရွာ ဆုတောင်းတောင်ကုန်းပေါ်မှာ အခိုင်အမာ တပ်ချထားတဲ့ ပြည်သူ့စစ်တပ်စခန်းကြီးတခု ဖြစ်တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“သိမ်းလိုက်တဲ့ စခန်းတွေက လန်ဆယ်နဲ့ ခေါင်လန်ဖူးကြားက စခန်းတွေ။ ကျနော်တို့နဲ့နီးတဲ့ စခန်းတွေ။ ရွာပြင် တောင်ကုန်းအထိုင်စခန်းတွေ။ သွားတိုက်တဲ့အချိန် သူတို့ဘက်က ထွက်ပြေးသွားတာ။ အဲဒါနဲ့ လေယာဉ်ခေါ်လိုက်တာ ဖြစ်မယ်။”

စစ်ကောင်စီတပ်က လန်ဆယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့အခါ အဲဒီတပ်စခန်းတွေမှာ အရင်စုစည်းပြီး ထိုးစစ်ဆင်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကုန် အောက်တိုဘာ လဆန်းပိုင်းမှာ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ လန်ဆယ်ရွှေမှော်ဒေသကို KIA/KIO လက်ထဲကနေ ရယူနိုင်ဖို့ ထိုးစစ်အရင်စခဲ့ပေမဲ့ တိုက်ပွဲမအောင်မြင်ဘဲ ဆုတ်ခွာလိုက်ရပြီးနောက် လက်ရှိမှာ ခေါင်လန်ဖူး၊ ပူတာကိုဘက်အထိ စစ်ရေးအခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ် ရွှေထွက်ဒေသဖြစ်တဲ့ လန်ဆယ်မြို့တခုလုံးကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ သိမ်းပိုက်ထားနိုင်ခဲ့တာပါ။

ခေါင်လန်ဖူး ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေ စုစုပေါင်းအင်အား ၈၀ ဝန်းကျင် ထိုင်ထားတဲ့ လာဟီဆင်ရှေ့တန်းစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013