DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD-CEC အချို့ တွေ့ခွင့်ရသည့် သတင်းမဟုတ်မှန် 
DVB
·
October 23, 2025
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD-CEC အချို့ တွေ့ခွင့်ရသည့် သတင်းမဟုတ်မှန် 
Donate to DVB

နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင်တချို့ တွေ့ဆုံခွင့်ရတယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ဘူးလို့ ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

NLD ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးသိန်းဦးတို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာနက် လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့တာပါ။

ဒီသတင်းဟာ မှန်ကန်မှုမရှိသလို သံသယဖြစ်စရာ အခြေအနေ ရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို ပိုပြီးစိုးရိမ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ဦးသိန်းဦးရယ်၊ ဒေါက်တာတင်မျိုးဝင်းရယ်၊ ကျနော်တို့ CEC နှစ်ယောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတယ်ဆိုတဲ့ သတင်းဟာ မမှန်ပါဘူး။ ကျနော့်ရဲ့မိတ်ဆွေ ဦးသိန်းဦးနဲ့ ကိုယ်တိုင်တွေ့တဲ့အခါမှာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ အဲဒီတော့ ဒီသတင်းဟာ သတင်းမှားဖြစ်တာ သေချာပါတယ်။ ဒီသတင်းမှားတွေဟာ အချိန်ကိုက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ထုတ်နေတယ်လို့ ကျနော်တို့ကတော့ သံသယရှိပါတယ်။ အဲဒီလို ထုတ်ပြန်လေလေ ကျနော်တို့ခေါင်းဆောင်ရဲ့ ကျန်းမာရေးအခြေအနေကို ကျနော်တို့က ပိုပြီးစိုးရိမ်လေ ဖြစ်ပါတယ်။ ကျနော်တို့ခေါင်းဆောင်ဟာ နိုင်ငံအတွက် လူမျိုးအတွက် စွန့်လွှတ်ထားတဲ့ အဖိုးဖြတ်လို့မရတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ သူ့အပေါ်ထားရှိတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ဘယ်တော့မှ ခြေဖျက်လို့ရမှာ မဟုတ်ပါဘူးလို့ ကျနော်ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ရှေ့နေအဖွဲ့က ၂၀၂၂ ဒီဇင်ဘာလထဲမှာ နောက်ဆုံး တွေ့ခွင့်ရခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်း အချိန် ၃ နှစ်နီးပါး ကြာတဲ့အထိ ပြင်ပနဲ့ ထိတွေ့ခွင့်မပေးတော့ဘဲ စစ်ခေါင်းဆောင်က သတင်းအမှောင်ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့ ပြည်သူတွေကို စိတ်ဓာတ်ရေးရာ တိုက်ခိုက်ချင်တာ၊ မကြာခင်ပြုလုပ်မယ့် ​ရွေးကောက်ပွဲကို နိုင်ငံတကာက အမြင်ပြောင်းစေချင်တာတွေကြောင့် သတင်းအမှားတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က မှတ်ချက်ပေးပါတယ်။

“တကယ့်တကယ် တာဝန်အရှိဆုံးကတော့ စစ်ကော်မရှင် ဖြစ်တယ်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားတယ်၊ ဘယ်လိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်၊ ပွင့်လင်းမြင်သာမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုအခြေအနေ ရှိပါတယ်၊ ဒီမှာတော့ မြင်တဲ့အတိုင်းပါ၊ အဲဒီလိုမျိုး ပွင့်လင်းမြင်သာမှုနဲ့ သူ့ဘက်ကနေ ဂုဏ်သိက္ခာရှိရှိ လုပ်ဖို့တော့လိုတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် သို့လော သို့လောနဲ့ ပိုသထက် ပိုတိုးပြီးတော့ ကျနော်တို့ကတော့ စိုးရိမ်မကင်း ဖြစ်မိတယ်ဗျာ။ အဓိကကတော့ သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်၊ နိုင်ငံရေးအကျိုးအမြတ် အလို့ငှာ အထူးသဖြင့် ရွေးကောက်ပွဲပေါ့၊ ရွေးကောက်ပွဲအပေါ်မှာ အာရုံပြောင်းတယ်လို့ ကျနော်တို့က ရှုမြင်သုံးသပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချတယ်လို့ ရှုမြင်သုံးသပ်တော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်၊ ရှုတ်ချတယ်လို့ ကျနော် သတင်းစကား ပါးချင်ပါတယ်။”

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းကတည်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် NLD အစိုးရနဲ့ ပါတီ ထိပ်တန်းခေါင်းဆောင်တွေကို စစ်ခေါင်းဆောင်က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကိုတောင် အတိအလင်း သတင်းမထုတ်ပြန်ခဲ့ပါဘူး။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013