
အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်မှာ ဒေသစံတော်ချိန် ဧပြီ ၁၈ ရက်က ကျင်းပတဲ့ စည်းလုံးခြင်းသင်္ကြန်ပွဲမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ထောက်ခံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး Blue Shirt ကမ်ပိန်းလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
မယ်ရီလန်းသင်္ကြန်ပွဲကို အနီးနားပြည်နယ်တွေက မြန်မာတွေလည်းပူးပေါင်းပါဝင်ခဲ့ပြီး နိုင်ငံရေးအရ လှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Save Myanmar-USA အဖွဲ့မှ ဦးရင်အေး “SCEF ဖြစ်လာတယ်ဆိုတဲ့ အနေအထားက ပြည်စုံပြီလားဆို မပြည့်စုံသေးပါဘူး။ ဒါပေမဲ့လည်း တော်လှန်ရေးအတွက် လိုအပ်လားဆို တကယ်လိုအပ်ပါတယ်။ ဒါကြောင့်မို့ မူအရ တကယ်အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်တဲ့ အနေအထားတခုကို ရောက်လာပြီ။ ဒါကို ကျနော်တို့က ဝိုင်းဝန်းပံ့ပိုးပေးရမယ်ဆိုတဲ့ အမြင်တွေ ကျနော်တို့ နိုင်ငံတကာမှာရောက်နေတဲ့ အင်အားစုတွေ အားလုံးမှာရှိပါတယ်၊ အဲဒီအတွက်လည်း ကျနော်တို့ ကမ္ဘာလုံးဆိုင်ရာအစည်းအဝေးတွေ လုပ်ကြတယ်။ SCEF နဲ့ပတ်သက်ပြီး ကျနော်တို့ ဝိုင်းပြီးပံ့ပိုးပေးကြမယ်၊ လှုပ်ရှားမှုတွေ တကမ္ဘာလုံးမှာ လုပ်ကြမယ်၊ ဧပြီ ၁၈ ရက်နေ့က အဓိက ကမ်ပိန်းနေ့လို့ သတ်မှတ်ထားပါတယ်။ အဲဒီမတိုင်ခင် ၁၁ ရက်နေ့ကစပြီးတော့ တချို့နိုင်ငံတွေမှာ လုပ်ကြတယ်။ ၁၈ ရက်နေ့က အဓိက၊ ပြီးလို့ရှိရင် ၂၅ ရက်နေ့၊ ပြီးရင် မေလဆန်းအထိ SCEF ထောက်ခံပွဲတွေကို နိုင်ငံတကာမှာလုပ်သွားမယ် ဆိုပြီး ချမှတ်ထားပါတယ်။ State Holder တွေအားလုံးရဲ့ ပဏာမစုစည်းမှုပေါ့နော်၊ ပြည့်စုံတော့မပြည့်စုံသေးဘူး၊ ပဏာမစုစည်းမှုကို လုပ်နိုင်ခဲ့ကြတဲ့ SCEF မှာ ပါဝင်ကြတဲ့ ခေါင်းဆောင်တွေ၊ KIO ၊ KNU ၊ KNPP ၊ ချင်း၊ ပြီးရင် NUG နဲ့ CRPH ဒီခေါင်းဆောင်ပိုင်းအဖွဲ့အစည်းတွေအနေနဲ့လည်း လက်ရှိ ကျန်နေသေးတဲ့ နွေဦးတော်လှန်ရေးမှာ တကယ့်ကို အသက်ပေးပြီး တိုက်နေကြတဲ့ အရေးပါတဲ့ လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့ အင်အားစုတွေအကုန်လုံး ပူးပေါင်းပါဝင်လာဖို့အတွက်လည်း ရင်ဘတ်ကျယ်ကျယ်နဲ့ ဆက်ပြီးတော့ စည်းရုံးသွားဖို့လိုတယ်၊ အဲဒီအတွက်လည်း လုပ်နေတယ်လို့ ကျနော်တို့ ကြားရတယ်”လို့ ပြောပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “Blue Shirt ကမ်ပိန်းပေါ့နော် ဒီနေ့လုပ်တာ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် အခုအချိန်အထိ မလွတ်မြောက်သေးပါဘူး။ အမေဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရားအဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ကျန်ပါသေးတယ်။ ကျနော်တို့က တိုက်ယူမှရမယ်။ သမ္မတကြီးဦးဝင်းမြင့် လွတ်လာတဲ့အတွက် ကျနော်တို့ အရမ်းဝမ်းသာတယ်။ တကယ့်တိုက်ပွဲ အောင်မြင်မှ အမေဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါမယ်။ SRA တို့ AA ၊ မွန်၊ ရှမ်းတိုင်းရင်းသား ညီအစ်ကိုအားလုံး တစုတစည်းတည်း တိုက်ရင် ကျနော်တို့ တော်လှန်ရေး အောင်ကိုအောင်ပါမယ်။ ၂၀၂၆ မကုန်ခင် အောင်အောင်တိုက်ချင်ပါတယ်။ ၂၀၂၇ မှာ ကျနော်တို့ လွတ်လပ်ရေးသင်္ကြန်ကို ကျင်းပချင်ပါတယ်”လို့ ပြောပါတယ်။
မယ်ရီလန်း စည်းလုံးခြင်း သင်္ကြန်ပွဲတော်မှာ မြန်မာနွယ်ဖွား ၄၀၀ ကျော် ၅၀၀ နီးပါး ပူးပေါင်းပါဝင်ခဲ့ပါတယ်။
တော်လှန်ရေးရန်ပုံငွေစျေးရောင်းပွဲလည်း ပြုလုပ်ခဲ့ပြီး ရလာတဲ့ ရန်ပုံငွေ အားလုံးကို မြေပြင်က လိုအပ်နေသူတွေဆီ ပေးပို့သွားမှာ ဖြစ်ပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးရင်ထွေးက “အခုအချိန်မှာ နိုင်ငံတော်သမ္မတအစစ် ဦးဝင်းမြင့် လာပါပြီ။ နိုင်ငံတော်သမ္မအတု မင်းအောင်လှိုင်အတွက် နေရာမရှိပါဘူး၊ ပြည်သူတွေကလည်း မထောက်ခံဘူး၊ အခုအချိန်အထိလည်း UN မှာ နာမည်စာရင်းဝင်တာက နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ပါ၊ ဒါကြောင့် ဦးဝင်းမြင့်ကို ထောက်ခံတယ်၊ အမေစုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်လွတ်ဖို့ Blue Shirt ကမ်ပိန်းလေးကိုလည်း လုပ်ရတယ်၊ စည်းလုံးခြင်းကို သက်သေပြတယ်။ အားလုံးမြင်တဲ့အတိုင်းပဲ ဒီပွဲလေးကိုလုပ်တာ စည်းစည်းလုံးလုံးနဲ့ ဘယ်လောက် အောင်မြင်လဲ၊ ကျနော် ပီတိဖြစ်တယ်၊ ရသမျှအကျိုးအမြတ်အားလုံးကိုလည်း ထားဝယ်မြေပြင်ကို စီးဆင်းလှူဒါန်းမှာပေါ့နော်၊ ဒါကြောင့်မို့ ကျနော်တို့ စည်းလုံးခြင်းသင်္ကြန်က အပျော်မဟုတ်ပါဘူး၊ စည်းလုံးခြင်းကို သက်သေပြချင်တဲ့ပွဲလေးကို ဖော်ထုတ်လိုက်တာပါ”လို့ ပြောပါတယ်။
Blue Shirt ကမ်ပိန်းပံ့ပိုးသူ ဦးကိုကိုနိုင်က "အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းသမားတွေ၊ ပြည်သူလူထုတွေ အကုန်လုံးကို လေးစားသောအားဖြင့်၊ ပြီးတော့ ဒီစစ်အစိုးရက အမြန်ဆုံး ပြန်ပြီးလွှတ်ပေးဖို့အတွက် အပြာရောင်ဝတ်စုံ ဝတ်ပြီးတော့ ကျနော်တို့ ထောက်ခံနေပါတယ်လို့၊ ဘယ်တော့မှ မမေ့ပါဘူးလို့၊ ဆိုတော့ အမြန်ဆုံးလွတ်မြောက်ရမှာပါ” လို့ ပြောပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်၊ ဧပြီ ၁၇ ရက်နေ့ စစ်အာဏာရှင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လျှော့ရက် ခံစားခွင့်ပေးတာမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်မြောက်ခဲ့ပေမဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အများအပြား အချုပ်အနှောင်မှာ ဆက်ရှိနေတာ ဖြစ်ပါတယ်။










