
အဆိုတော် L လွန်းဝါနဲ့ ချင်းတိုင်းရင်းသားအဆိုတော်တွေ၊ အမေရိကန်ပြည်ထောင်စုရောက် အနုပညာရှင်တွေ ပူးပေါင်းပါဝင်တဲ့ မြန်မာစစ်ရှောင်ပြည်သူတွေအတွက် လူသားစာနာ ရန်ပုံငွေရှာဖွေရေး ဂီတဖျော်ဖြေပွဲကို ဒေသစံတော်ချိန် ဇွန် ၂၇ ရက်နေ့က မယ်ရီလန်းပြည်နယ်မှာ ကျင်းပခဲ့ပါတယ်။
Women For Myanmar, D.C Metro Area က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပြီး နိုင်ငံတဝန်းက အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဂီတဖျော်ဖြေပွဲနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကား လေလံတင်တာ၊ ရိုးရာအစားအစာနဲ့ အဝတ်အထည်ရောင်းချတာ၊ ကံစမ်းမဲအစီအစဉ် စတာတွေနဲ့ မယ်ရီလန်းပြည်နယ်ရောက် မြန်မာတွေက ရန်ပုံငွေရှာဖွေခဲ့ကြပါတယ်။
Women For Myanmar, D.C Metro Area က မမူက “ကျမတို့ပြည်သူတွေ လိုချင်တဲ့အာဏာကို ပြန်ပေးဖို့ ဒီကနေ တောင်းဆိုချင်တယ်၊ ကျမပြောခွင့်ရမယ်ဆိုရင်တော့လေ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံဖြစ်စေ၊ အိန္ဒိယနိုင်ငံဖြစ်စေပေါ့နော်၊ အထူးပဲ တောင်းဆိုချင်ပါတယ်၊ နေ့တိုင်းနေ့တိုင်း ပြည်သူတွေကို သတ်နေတဲ့လူသတ်သမားတွေကို တဖက်တလမ်းကနေ လက်နက်ပေးခြင်း၊ လက်နက်ရောင်းခြင်း၊ စက်ကိရိယာရောင်းခြင်း၊ နည်းပညာပိုင်းမှာဖြစ်ဖြစ်ပေါ့နော်၊ အဲဒီလိုတွေ သူတို့ကူညီတာကြားတဲ့အခါ ကျမ တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်၊ ဘာလို့လဲဆိုတော့ လူသားချင်းစာနာရမဲ့အချိန်မှာ သူတို့တွေ လူသားတွေကို သတ်ဖို့အတွက် ပိုပြီးတော့ အားပေးနေတာ တွေ့တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ လူသားမဆန်တဲ့အရာဖြစ်ပါတယ်။ တနေ့တချိန်မှာ ဝဋ်လည်တတ်ပါတယ်၊ ဒါကြောင့် ကျမတို့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ပျက်ပြားစေမဲ့အရာမျိုးတွေကို ရှောင်ကျဉ်ပေးကြဖို့ အိမ်နီးချင်းနိုင်ငံများကို အထူးပဲ တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။
ဖျော်ဖြေပွဲမှာ Gen Z တွေ စုပေါင်းထားတဲ့ The Federal Band က တီးခတ်ပံ့ပိုးခဲ့ပြီး အဆိုတော် ကျော်သီဟ၊ ဒေါက်တာခိုင်ဇင်ဆန်းနဲ့ ချင်းတိုင်းရင်းသားအဆိုတော်တွေ၊ အနုပညာရှင်တွေ ပါဝင်အားဖြည့်ခဲ့ပါတယ်။
ဒီစီဧရိယာ ချင်းကွန်မြူနတီ ဥက္ကဋ္ဌ ဒေါင်ခုပ် က “စစ်ဘေးရှောင်တွေအတွက် ရန်ပုံငွေရှာဖွေတာ ဖြစ်ပါတယ်၊ ဒီနေ့ရတဲ့ အမြတ်အစွန်းတွေအကုန်လုံးကို တပြားတချပ်မှမကျန်ဘဲနဲ့ စစ်ဘေးရှောင်နေရာ အသီးသီးမှာ ကျနော်တို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။ မြန်မာပြည်က စစ်ဘေးရှောင်ဆိုလို့ရှိရင် ကချင်နယ်၊ ကရင်ဘက်တွေ၊ ချင်း-စစ်ကိုင်း-မကွေးဘက်ပေါ့နော်၊ စစ်ဘေးရှောင်တွေကို ကျနော်တို့ ရသလောက် မျှဝေပြီးတော့မှ ပို့ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဧပြီလနှောင်းပိုင်းကစပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ အခြေခံစားဝတ်နေရေး၊ ဆေးဝါးနဲ့ အထွေထွေလိုအပ်ချက်တွေ မြင့်မားနေတာပါ။
Women For Myanmar, D.C Metro Area က ဒေါ်နီနီဝေ က “အားလုံးက ကိုယ့်မြန်မာပြည်အတွက် သွေးမအေးကြဘဲနဲ့ ဆက်လက်ပြီးတော့ ခွန်အားတွေပေးကြပါ၊ တိုက်ပွဲတွေ ဝင်ကြပါ၊ မြေပြင်မှာဒုက္ခရောက်နေတဲ့ ညီအကိုမောင်နှမ၊ သက်ကြီးရွယ်အိုတွေ၊ မြေပြင်မှာ အတိဒုက္ခရောက်နေတဲ့လူတွေ၊ နောက် အခုမြန်မာပြည်မှာ မိုးတွင်းလေ ဟုတ်တယ်မလား၊ ထမင်းတောင် နပ်မှန်အောင်မစားရတဲ့သူတွေ အများကြီးရှိပါတယ်၊ အဲဒီအတွက် အားလုံးကို ကိုယ်ချင်းစာစိတ်လေးနဲ့ တိုက်တွန်းချင်တာကတော့ အမြဲပဲဒါလေးကို ကိုယ့်မြန်မာပြည်အတွက် ခေါင်းထဲမှာ စဉ်ဆက်မပြတ်စဉ်းစားပေးကြပြီးတော့ တတ်နိုင်သလောက်လေး ပါဝင်ကူညီပံ့ပိုးပေးကြပါလို့ ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်ပေါ့နော်” လို့ ပြောပါတယ်။
ဇွန်လဆန်းမှာ စစ်ခေါင်းဆောင်ဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ဇွန်လလယ်ပိုင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆက်လက်တွေ့ဆုံခွင့်ရထားတာပါ။
အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေရဲ့ စစ်ခေါင်းဆောင်ကို အသိအမှတ်ပြုရာရောက်တဲ့ တွေ့ဆုံမှုတွေဟာ မြန်မာနိုင်ငံတဝန်း စစ်ဘေးသင့်နေတဲ့ သန်းနဲ့ချီတဲ့မြန်မာပြည်သူတွေကို မျက်ကွယ်ပြုရာ ရောက်ခဲ့တဲ့အတွက် ထောက်ထားစာနာဖို့ နိုင်ငံတကာရောက်မြန်မာတွေက တိုက်တွန်းတောင်းဆိုတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။











