DVB Logo
Home
Lead Story
မြန်မာပြည်စစ်ပွဲ ဘာကြောင့် မေ့လျော့ခံဖြစ်ခဲ့ရသလဲ 
DVB
·
October 23, 2025
မြန်မာပြည်စစ်ပွဲ ဘာကြောင့် မေ့လျော့ခံဖြစ်ခဲ့ရသလဲ 
Donate to DVB

မြန်မာပြည်စစ်ဆင်ရေးဟာ ဒုတိယကမ္ဘာစစ်ရဲ့ ရှည်လျားပြီး အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပါတယ်။ ဒါဆိုရင် ဒီစစ်ပွဲကို ဘာကြောင့် မေ့လျော့ထားကြတာလဲ။ အသေးစိတ် လေ့လာကြည့်ကြရအောင်။

ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်ခံရပြီး မကြာမီမှာပဲ ဂျပန်တို့ဟာ အဲဒီအချိန်က ဗြိတိသျှကိုလိုနီ ဖြစ်တဲ့ မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၄၅ ခုနှစ်အထိ ဓနသဟာယနဲ့ တရုတ်တပ်ဖွဲ့တွေဟာ ဒီမြေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် နှစ်အနည်းငယ်ကြာ တိုက်ပွဲဝင်ခဲ့ကြရပါတယ်။

ဒါပေမဲ့ ဒီနေ့ခေတ် ဗြိတိန်မှာတော့ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်စစ်ဆင်ရေးကို အမှတ်ရသူ အလွန်နည်းပါးနေပါတယ်။ ဒီလောက်ရှည်လျားတဲ့ စစ်ပွဲကြီးတခုဟာ ဘယ်လိုလုပ် မေ့လျော့ခံ ဖြစ်သွားရတာလဲ။

မြန်မာပြည်မှာ ဘယ်သူတွေ တိုက်ခဲ့ကြသလဲ၊ ဘာကြောင့် တိုက်ခဲ့ကြသလဲ

၁၉၄၂ ခုနှစ် အစောပိုင်းမှာ ဂျပန်တပ်တွေဟာ အခုအခါ မြန်မာလို့ခေါ်တဲ့ နိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်တခုကတော့ တရုတ်နိုင်ငံကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေတဲ့ မြန်မာ့လမ်းမကြီးကို ပိတ်ဆို့ဖို့ ဖြစ်ပါတယ်။

မဟာမိတ်တပ်တွေဟာ မိုင် ၁,၀၀၀ ရှည်လျားတဲ့ ခရီးကြမ်းကိုနှင်ကာ အိန္ဒိယနိုင်ငံဆီ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ဆုတ်ခွာခဲ့ကြရပါတယ်။ ၁၉၄၂ ခုနှစ်တလျှောက်လုံး နယ်မြေပြန်ရဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ၁၉၄၃ ခုနှစ်မှာတော့ မဟာမိတ်တွေက ပိုကောင်းတဲ့ မဟာဗျူဟာတွေ အသုံးပြုလာကြပါတယ်။ ဒါကြောင့် အခြေအနေက အနည်းငယ်ကောင်းစပြုလာပါတယ်။ လပေါင်းများစွာ အသေအကျေ တိုက်ခိုက်ခဲ့ကြပြီးနောက် ၁၉၄၄ ခုနှစ်မှာတော့ မဟာမိတ်တပ်တွေဟာ ဂျပန်တပ်တွေကို စတင်တွန်းလှန်နိုင်ခဲ့ပါတယ်။

၁၉၄၅ ခုနှစ် မေလမှာတော့ မြို့တော်ရန်ကုန်ဟာ မဟာမိတ်တွေလက်ထဲ ပြန်လည်ရောက်ရှိလာခဲ့ပြီး မြန်မာပြည်စစ်ဆင်ရေးဟာလည်း ပြီးဆုံးလုနီးပါး ဖြစ်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ မဟာမိတ်တို့ အနိုင်ရခဲ့ပါတယ်။

မြန်မာပြည်စစ်ပွဲ ဘာကြောင့် တခြားစစ်မျက်နှာတွေရဲ့ အရိပ်အောက် ရောက်သွားရတာလဲ

စစ်ပွဲအတွင်းမှာတောင် မြန်မာပြည်စစ်ဆင်ရေးဟာ ဗြိတိသျှတို့ရဲ့ မဟာဗျူဟာထဲမှာရော ဗြိတိန် ပြည်သူတွေရဲ့ အာရုံစိုက်မှုထဲမှာပါ မရှိခဲ့ပါဘူး။ ဒီအတွက်လည်း အကြောင်းတရား အများကြီး ရှိနေပါတယ်။

အဓိကအကြောင်းရင်းတခုကတော့ မဟာမိတ်တွေဟာ ‘ဂျာမနီဦးစားပေး’ ဒါမှမဟုတ် ‘ဥရောပဦးစားပေး’ မဟာဗျူဟာကို ကျင့်သုံးခဲ့လို့ပါပဲ။ သူတို့ အရင်ဆုံးအနိုင်ယူရမယ့် အရေးအကြီးဆုံး ရန်သူဟာ နာဇီတွေ ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် ဥရောပကိုပဲ သူတို့ရဲ့ အင်အား၊ တပ်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အဓိကထား အာရုံစိုက်ခဲ့ကြပါတယ်။

နောက်တချက်က မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထားအရ အလှမ်းဝေးတာနဲ့ သတင်းအချက်အလက်တွေ ပြန်ယူလာပေးမယ့် သတင်းထောက်တွေ နည်းပါးတာကြောင့်ပါပဲ။ ဒီအချက်က ဗြိတိန်ပြည်သူတွေအတွက် မြန်မာပြည်စစ်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေရဖို့ ပိုခက်ခဲခဲ့ပါတယ်။ ပြီးတော့ ဗြိတိန်ပြည်သူတွေဟာ သူတို့အနီးအနားမှာရှိတဲ့ နာဇီတွေရဲ့ ခြိမ်းခြောက်မှုကိုပဲ ပိုပြီးစိုးရိမ်ခဲ့ကြရတာပါ။ Blitz (ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီက လန်ဒန်လို ဗြိတိန်မြို့ကြီးတွေကို အဓိကထားပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေး) ကာလအတွင်း ဗြိတိန်နိုင်ငံက အရပ်သားပြည်သူ အများအပြားဟာ နာဇီတွေရဲ့ တိုက်ခိုက်မှုကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရပါတယ်။ တဖက်မှာတော့ မြန်မာပြည် စစ်ဆင်ရေး (Burma Campaign) က သူတို့ရဲ့ဘဝတွေကို အဲဒီလောက်အထိ သက်ရောက်မှုမရှိခဲ့ပါဘူး။

နောက်အကြောင်းရင်းတခုကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် စစ်ပွဲရဲ့ အစောပိုင်းနှစ်တွေမှာ မဟာမိတ်တပ်တွေဘက်က အခြေအနေမကောင်းခဲ့ပါဘူး။ အဲဒီအချိန်တုန်းက တပွဲပြီးတပွဲ ဆက်တိုက်ရှုံးနိမ့်မှုတွေကို ဘယ်သူမှ ပြန်မတွေးချင်ခဲ့ကြပါဘူး။

ဒီအချက်တွေနဲ့ တခြားအကြောင်းအရာတွေကြောင့် မြန်မာပြည်စစ်ဆင်ရေးဟာ စစ်ဖြစ်ပွားနေချိန်မှာရော၊ နောက်ပိုင်းမှာပါ အာရုံစိုက်မှုနည်းပါးပြီး မေ့လျော့ခံဖြစ်ခဲ့ရပါတယ်။

အဲဒီအချိန်က မြန်မာပြည် စစ်ဆင်ရေးကို ဘယ်လို အမှတ်ရခဲ့ကြသလဲ

မြန်မာပြည် စစ်ဆင်ရေးရဲ့ အစပိုင်းမှာ ဗြိတိသျှအစိုးရအတွက် ဂုဏ်ယူစရာ သိပ်မရှိခဲ့ပေမဲ့၊ စစ်ပွဲရဲ့အဆုံးသတ်ကိုတော့ အတိုင်းအတာတခုအထိ ဂုဏ်ယူခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ်တုန်းက ဝန်ကြီးချုပ် ကလဲမန့် အက်တလီက ပါလီမန်မှာ အခုလိုပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံ နေရာအများစုကို ဂျပန်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းအကြောင်း ကျနော်တို့အားလုံး သိပြီးဖြစ်လို့ ထပ်ပြောစရာမလိုတော့ပါဘူး။ လော့ဒ် အလက်ဇန္ဒား ဦးဆောင်ခဲ့တဲ့ သူရသတ္တိပြောင်မြောက်တဲ့ ဆုတ်ခွာမှုအကြောင်းကိုလည်း ခင်ဗျားတို့ သိကြပါတယ်။ ပြီးတော့ နိုင်ငံကို လွတ်မြောက်စေခဲ့တဲ့ ဗိုလ်ချုပ်ကြီး လော့ဒ် မောင့်ဘက်တန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေရဲ့ ထာဝရအမှတ်ရနေရမယ့် စွမ်းဆောင်မှုတွေအကြောင်းကိုလည်း သိကြပြီးသားပါ။”

ဒီနေ့ခေတ် သမိုင်းပညာရှင်တွေကတော့ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်မြင်တဲ့ စစ်ဗျူဟာတွေအတွက် မောင့်ဘက်တန် နည်းတူ ဖီးမာရှယ် ဝီလျံ စလင်း ကိုလည်း ချီးကျူးလေ့ရှိကြပါတယ်။

မြန်မာပြည်က တိုက်ပွဲတွေဟာ ဒီနေ့ခေတ်အတွက် ဘာကြောင့် အရေးပါနေသလဲ

'မေ့လျော့ခံစစ်ပွဲ' လို့ တင်စားခံရတဲ့ မြန်မာပြည်စစ်ဆင်ရေးဟာ ဒီနေ့ခေတ်မှာ ပြန်လည်အမှတ်ရထိုက်တဲ့ စစ်ပွဲတခုထက်ပိုပါတယ်။

မြန်မာပြည်မှာ တိုက်ပွဲဝင်ခဲ့တဲ့ အမှတ် ၁၄ တပ်မတော်  (The Fourteenth Army) ကို တခါတရံမှာ 'မေ့လျော့ခံတပ်မတော်' လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ အဲဒီတပ်မတော်ဟာ လူအင်အား တသန်းလောက်ပါဝင်တဲ့ ဧရာမတပ်မတော်ကြီးတခု ဖြစ်ခဲ့ဝာာပါ။ အဲဒီတပ်ဖွဲ့တွေထဲမှာ ဂေါ်ရခါးစစ်သည်တွေ၊ ဗြိတိသျှအိန္ဒိယတပ်မတော်က အဖွဲ့ဝင်တွေ၊ ၁၁ တပ်မ (အရှေ့အာဖရိက) လို ဓနသဟာယစစ်သည်တွေအပြင် မြန်မာနဲ့ ဗြိတိန်က စစ်သည်တွေလည်း ပါဝင်ခဲ့ပါတယ်။

မြန်မာပြည်မှာ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သည်အားလုံးဟာ သူတို့ရဲ့စွမ်းဆောင်မှုတွေအတွက် ရသင့်ရထိုက်တဲ့ Burma Star (မြန်မာ့ကြယ်တံဆိပ်) ကိုတောင် ရခဲ့ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကို အမှတ်တရရှိနေဖို့က ပိုလို့တောင် အရေးကြီးပါတယ်။

ဒါ့အပြင် မြန်မာပြည်က စစ်ဆင်ရေးကို အမှတ်ရတဲ့အခါ စစ်ပွဲရဲ့ အနိဌာရုံတခုဖြစ်တဲ့ သေမင်းတမန် ရထားလမ်းဖောက်လုပ်မှုကိုလည်းကျနော်တို့ မမေ့သင့်ပါဘူး။

ပိုကျယ်ပြန့်တဲ့ ရှုထောင့်ကကြည့်ရင် မြန်မာပြည် စစ်ဆင်ရေးဟာ ဒေသတွင်းအပေါ် သိသာတဲ့ ဩဇာလွှမ်းမိုးမှု ရှိခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံစလုံးဟာ စစ်ပြီးနောက် ၂ နှစ်အကြာမှာပဲ ဗြိတိန်ဆီက လွတ်လပ်ရေးရခဲ့ကြပါတယ်။ 

အက်တလီ ပြောခဲ့သလိုပါပဲ “ဒီဖြစ်ရပ်တွေဟာ မြန်မာပြည်သူတွေအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိခဲ့တာ သဘာဝပါပဲ။ ဒါတွေဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးလိုတဲ့ အာရှတိုက်သားတွေရဲ့ ဆန္ဒပြင်းပြမှုကို ပိုလို့တောင်ထက်သန်စေခဲ့ပါတယ်။”

မြန်မာပြည် စစ်ဆင်ရေးဟာ နောက်ဆက်တွဲ ပဋိပက္ခတွေကိုလည်း ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောရင် မှားမှာ မဟုတ်ပါဘူး။ အဲဒီပဋိပက္ခတွေထဲမှာ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲတွေကနေစပြီး စစ်ပြီးခေတ် ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအထိ အကုန်အကျုံးဝင်ပါတယ်။

Ref: Sky HISTORY

(ကမ္ဘာ့သမိုင်းဆိုင်ရာ ဆောင်းပါးတွေ၊ ရုပ်သံတွေကို ဖော်ပြလေ့ရှိတဲ့ ယူကေအခြေစိုက် Sky HISTORY ဝက်ဆိုက်မှာ ဖော်ပြထားတဲ့  Why was Burma the forgotten war? ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြပါတယ်။ )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013