DVB Logo
Home
မြန်မာသတင်း
မတ္တရာတွင် စစ်တပ်က ထိုးစစ်ဆင်ပြီး အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်နေ
DVB
·
October 23, 2025
မတ္တရာတွင် စစ်တပ်က ထိုးစစ်ဆင်ပြီး အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်နေ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား ၃၀၀‌ ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်း ထိုးနေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံ စစ်ဘေးရှောင်တယောက်က “စစ်ကြောင်း စထွက်တဲ့ရက်တောင် မမှတ်မိတော့ပါဘူး။ ခန့်မှန်း‌ခြေ ၂ လကျော် ၃ လ ရှိနေပြီလို့ ပြောရမယ်ဗျ။‌ အောက်တိုဘာ ၁၈ ရက်ကလည်း အင်းကုန်းရွာဘက်က ရွာသားတယောက်တော့ သေနတ်နဲ့ ပစ်သတ်ခံရတယ်ဗျ။ အမျိုးသားပါဗျ။ စစ်‌ကြောင်းက မထွက်သေးလို့ အလောင်းတောင် မကောက်ရသေးဘူး။ ကျ‌နော် အပါအဝင် ဒေသခံ အများစုကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ စားသောက်စရာလည်း ခက်ခဲတယ်။ ဆောင်းရာသီ‌ ရောက်ပြီဆို‌တော့ အနွေးထည်နဲ့ စောင်တွေလည်း လိုအပ်တယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ၃‌ ကြောင်းဟာ အောက်တိုဘာ ၂၂ ရက်အထိ မတ္တရာအရှေ့မြောက်ခြမ်းမှာ စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။

နောက်ထပ်ရွာသားတယောက်က “ရုံးပင်ရွာဘက်မှာ ရောက်နေတဲ့ စစ်ကြောင်းက အုန်းပင်ရွာနဲ့ တံတားဦးရွာဘက်ကို ထိုးနေတယ်ဗျ။ နောက်တကြောင်းက မတ္တရာမြောက်ခြမ်း ကျွဲကျရွာတောင်ဘက်မှာလည်း တကြောင်း ရှိတယ်ဗျ။‌ နောက်ပြီး‌တော့ မတ္တရာမြောက်ဘက် တံငါတောင်ရွာတောင်ဘက်မှာလည်း တကြောင်း ရှိတယ်ဗျ။ သူတို့ စစ်ကြောင်းထိုးရင်း ဖမ်းဆီးမိတဲ့ ပြည်သူတွေကို စစ်ကြောင်းထိုးသွားတဲ့နောက်ကို ဓားစာခံအဖြစ် ခေါ်သွားပြီး နောက်တရွာရောက်ရင် ပြန်လွှတ်ပေးတာတွေလည်း ရှိသလို မလွှတ်ဘဲ ဆက်လက်ခေါ်ခံတဲ့ ရွာသားတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးရာမှာ တိုက်ခိုက်ရေးလေယာဉ် အမျိုးအစုံ အပါအဝင် စက်တပ်လေထီး၊ ဒရုန်းတွေနဲ့ပါ ဗုံးကြဲချပြီး လက်နက်ကြီးတွေလည်း အများဆုံး အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ် ဆက်သွယ်ရေးတာဝန်ခံ ကိုဒေါင်းက “စစ်ကြောင်းက ထိုးနေတာ ကြာပြီဗျ။ ကနဦးဆုံးက မတ္တရာအရှေ့တောင်ပိုင်းကနေ စထိုးတာဗျ။ စစ်‌ကြောင်းက တိုးလိုက်၊ ဆုတ်လိုက်၊ ရပ်လိုက်နဲ့ ထိုး‌နေတာ။ ပြည်သူ‌တွေကတော့ စစ်တပ် စစ်ကြောင်းထိုးလာပြီဆိုရင် နေရပ်စွန့်ခွာ ထွက်ပြေးကြရတာပါပဲ။ အခု ဒီ‌နေ့  အောက်တိုဘာ ၂၂ ရက် မနက်ခင်း ၉ နာရီကျော်ကလည်း စကစဘက်ကနေ မတ္တရာမြောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတယ်။ နှစ်ဖက်တိုက်ပွဲက‌တော့  အောင်တိုဘာ ၂၂ ရက်နေ့မှာ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်း ကျွဲကျရွာတောင်ဘက်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်။ အဲတိုက်ပွဲမှာ ကျနော်တို့ တော်လှန်ရေးဘက်က နောက်ဆုတ်ပေးလိုက်ရပြီး ကျွဲကျရွာ ပြည်သူတွေကို စကစဘက်က ဖမ်းဆီးထားတယ်ဗျ။ ညနေပိုင်းမှာ အမျိုးသားတွေ ပြန်လွှတ်ပေးပြီး အမျိုးသမီး ၃ ဦးကို‌တော့ ပြန်လွှတ်မပေးသေးဘူး” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းကို အားဖြည့်ရာမှာ မန္တလေးမြို့ကနေ ကုန်းလမ်းကရော ရေလမ်းကပါ အင်အားဖြည့်တင်းပေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013