DVB Logo
Home
မြန်မာသတင်း
နတ်ရေကန်ဗျူဟာကို AA က ရက်ပိုင်းအတွင်း အပြီးသတ်သိမ်းပိုက်နိုင်
DVB
·
October 22, 2025
နတ်ရေကန်ဗျူဟာကို AA က ရက်ပိုင်းအတွင်း အပြီးသတ်သိမ်းပိုက်နိုင်
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာရှိပြီး ပဒါန်းတပ်နယ်အတွက် အရေးပါတဲ့ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော် (AA) က အခုရက်ပိုင်းအတွင်း အပြီးသတ် သိမ်းပိုက်လိုက်နိုင်တဲ့ အခြေအနေမှာ ရောက်နေပြီလို့ ရှေ့တန်းနဲ့အဆက်အသွယ်ရှိတဲ့ စစ်ရေးရင်းမြစ်နဲ့ ပဒါန်းဒေသခံတွေက ခန့်မှန်း ပြောကြပါတယ်။

စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် မစခ-၉၀၅ နဲ့ အမြောက်တပ်တွေမှာ လက်နက်၊ ရိက္ခာနဲ့ တပ်ကူအင်အား ဆက်တိုက်ပို့နေလို့ ဒီကနေ့အချိန်ထိ ဂုတ်ကြီးရွာဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ရှေ့တန်းနဲ့ အဆက်အသွယ်ရှိသူ စစ်ရေးရင်းမြစ်က “ဘယ်လိုဖြစ်နေတုန်းဆိုတော့ ဂုတ်ကြီးဘက်ကို ပြန်ပြီးတော့ ထိုးနေတယ်။ ပြီးရင် ၄၀၉ နဲ့ ၉၀၅ ကနေပြီးတော့ ၁၂၀ တို့၊ ၁၂၂ တို့နဲ့ လှမ်းပစ်နေတယ်။ UAV နဲ့လာပြီး ကင်းထောက်၊ လေယာဉ်နဲ့လာကြဲပေါ့ အဲလို။ ဒါပေမဲ့ ရေကန်ကိုလည်း၊ နတ်ရေကန်ကိုလည်း ဒီ ၃၊ ၄ ရက်အတွင်းကို သူတို့ အပြီးသတ်လုပ်မှာပါ။ လေကြောင်းကတော့ နေ့တိုင်းကြဲနေတာပဲ။ ရေကန်ပေါ်ကိုပဲ နေ့တိုင်းပစ်လိုက်နဲ့ သူတို့ကလည်း ပစ်တာပစ်တာ အနိမ့်မပျံရဲဘူးပေါ့နော်၊ မသိမ်းသေးတာလည်း အဲအတွက်ပါတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က AA နဲ့ မဟာမိတ်တွေ ဝိုင်းပတ် ပိတ်ဆို့ထားတဲ့ နတ်ရေကန်ဗျူဟာဆီ တပ်ကူတွေရောက်အောင် ကြိုးစားနေပေမဲ့ လမ်းမှာပဲ ဖြတ်တောက် တိုက်ခိုက်ခံရကာ ရက်ခြားဆိုသလို အလင်းဝင်လာသူတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့်ပဲ နတ်ရေကန်စခန်း တည်ရှိတဲ့ အမ်း-မင်းဘူး လမ်းဟောင်းရော လမ်းသစ်ဘက်မှာပါ နေထိုင်သူ မရှိတော့ဘဲ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ဘုံးဘောရွာ၊ အခုနှစ် အောက်တိုဘာ လဆန်းပိုင်းမှာတော့ မြေလတ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံ စစ်ရှောင် အမျိုးသမီးတယောက်က ပြောပါတယ်။

“မြေလတ်ရွာက မရှိတော့ဘူး။ ၁ ရက်နေ့က ဗုံးတွေနဲ့ကြဲလိုက်တယ်။ အဲဒီမှာ အိမ်တွေက ၅ လုံးထိတယ်။ ၂ ရက်နေ့ကျတော့ အိမ်တွေမီးရှို့တာ။ ၂ ရက်၊ ၃ ရက်ပေါ့။ ရွာကလူတွေအကုန်၊ တချို့ တောထဲ၊ တောင်ယာထဲ နေတဲ့သူတွေပေါ့။ တောထဲ ဘာတွေညာတွေ ထွက်ပြေးကြတာ။ မရှို့ခင် စစ်သားတွေပဲနေတာ သုံးလေးရာလောက်ရှိမယ်။ ကားလမ်းဘေးက အိမ်ကသူတွေကို ဖယ်ခိုင်းတယ်။ ၅ မိနစ်အတွင်း ထွက်သွားပါတဲ့၊ အဲဒါ သူတို့ ပစ္စည်းတွေသိမ်း၊ ပိုက်ဆံတွေ ဘာတွေ ကျန်ခဲ့တယ်။ တိုက်ပွဲတွေကတော့ မနေ့ကလည်း တော်တော်ဖြစ်တယ်လို့ကြားတယ်။ အသံတွေ ကြားတာပေါ့၊ အနီးနားမှာ လူမရှိတော့ မသိရတော့ဘူး။”

ဒီလိုဖြစ်စဉ်တွေကြောင့် အခုနောက်ဆုံး စစ်တပ်က ခံစစ်ပြင်ထားတဲ့ ပျဉ်းဝ၊ ဂုတ်ဝနဲ့ ဇင်ပြွန်းရွာတွေလောက်မှာပဲ နေထိုင်သူ ကျန်ရှိတော့ပြီး စပ်စီရွာဘက် အခြေအနေကိုတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

ပဒါန်းမြို့ခံတယောက်ကလည်း စစ်တပ်က မြို့နဲ့ ၅ မိုင်လောက်အကွာ၊ မစခ-၉၀၅ နဲ့ဆိုရင် ၂ မိုင်သာသာ အကွာမှာရှိတဲ့ မင်းပြန်ကြည့်ရွာနဲ့ သာယာကုန်းရွာတွေမှာ ခံစစ်ပြင်ထားကြောင်းနဲ့ ကပစ-၁၄ ရှိရာ ရှောက်တောင်ဘက်မှာလည်း လူအင်အားတွေ စုဖွဲ့ထားတဲ့အကြောင်း ပြောပါတယ်။

အာရက္ခတပ်တော်ဘက်ကတော့ နတ်ရေကန်ဗျူဟာကုန်းမှာရှိတဲ့ အနည်းငယ်သော လက်ကျန်နေရာ တချို့ကို ထိုးစစ်ဆင်နေတဲ့အကြောင်း အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားသလို DVB ကလည်း အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013