DVB Logo
Home
မြန်မာသတင်း
မယ်ထော်သလေးရှိ ကျားဖြန့်လုပ်ငန်းတခုကို  စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသားများ ထွက်ပြေး
DVB
·
October 22, 2025
မယ်ထော်သလေးရှိ ကျားဖြန့်လုပ်ငန်းတခုကို  စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသားများ ထွက်ပြေး
1 / 4
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ်ထော်သလေးကျေးရွာမှာရှိတဲ့ အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်း တခုကို အောက်တိုဘာ ၂၂ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့လို့ တရုတ်နိုင်ငံသားတွေ ထွက်ပြေးသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်က ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေက AA လို့အမည်ပေးထားတဲ့  ကျားဖြန့် လုပ်ငန်း ကနေ  တရုတ်နိုင်ငံသားတွေကို ကားတွေနဲ့ ခေါ်ထုတ်သွားပြီးနောက်မှာ စစ်တပ်က ဝင်စီးနင်းခဲ့တာ ကြောင့် ကျားဖြန့်လုပ်ငန်းနေရာမှာ ကျန်နေတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

ကျားဖြန့်လုပ်ငန်းနဲ့ နီးစပ်သူက “မနက်က AA ကျားဖြန့်ဆိုဒ်ကို စစ်တပ် ဝင်စီးတာ။ အထဲမှာ ကျားဖြန့်လုပ်ငန်း အဓိက လုပ်နေတဲ့ တရုတ်လူမျိုးတွေကို အရင်ကယ်ထုတ်ပြီးမှ စစ်တပ်က ဝင်တာ။ မြန်မာနိုင်ငံသားအများစု ဖမ်းခံရတယ်။ တချို့လည်း ထွက်ပြေးလို့ လွတ်မြောက်တာတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်က ဒီနေ့မနက်ပိုင်း ဝင်ရောက်စီးနင်းခဲ့လို့ ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေကြတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ကျားဖြန့် ဝန်ထမ်း ၃၀၀  ခန့် ထွက်ပြေးနေကြကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တယောက်က  "ထိုင်းဘက်ကို ကူးလာရင်လည်းဖမ်းဖို့ ထိုင်းစစ်တပ်က စောင့်နေတယ်။ ကူးတော့ မလာသေဘူး။ မြန်မာဘက်ကမ်းမှာပဲ ရောက်တတ်ရာရာ ထွက်ပြေးနေကြတယ်”လို့ ပြောတယ်။

မယ်ထော်သလေးမှာ AA အမည်ရ ကျားဖြန့်၊ ကာစီနိုနဲ့ တခြားလောင်းကစား မြောက်မြားစွာရှိပြီး တရုတ်နိုင်ငံသားအများစု ပိုင်ဆိုင်ထားတဲ့အပြင် ကာရာအိုကေ၊ အနှိပ်ခန်းတွေနဲ့ နိုင်ငံခြားသားတွေ အဓိက ပျော်ပါးတဲ့နေရာလို့ ဆိုပါတယ်။

မြဝတီမြို့နားတဝိုက်က KK Park ရှိ ကျားဖြန့်လုပ်ငန်းတခုကို စစ်တပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပေမဲ့ ကရင်ပြည်နယ်အတွင်းက အဓိက ကျားဖြန့်လုပ်ငန်း လောင်းကစားဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်​ဆောင်နေတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကိုတော့ ဝင်ရောက်စီးနင်း ရှာဖွေတာတွေ မလုပ်သေးဘူးလို့ ရွှေကုက္ကိုလ်မြို့သစ်ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်က နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားတဲ့ KK Park ရှိ နေအိမ် တလုံးကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပေမဲ့ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေရာက ဒီနေ့ထပ်မံ စီးနင်းတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013