DVB Logo
Home
ဆောင်းပါး
အာဏာရှင်စနစ်ဆိုးအောက်က ဆိုးရွားသောအညွှန်းကိန်းများနှင့် တိုင်းပြည်
DVB
·
October 22, 2025
အာဏာရှင်စနစ်ဆိုးအောက်က ဆိုးရွားသောအညွှန်းကိန်းများနှင့် တိုင်းပြည်
Donate to DVB

မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အနာဂတ်အတွက် ကိုယ်စီ ရည်မှန်းထားတဲ့ အိပ်မက်တွေကို အာဏာမက်မောတဲ့ စစ်အုပ်စုက ရိုက်ချိုးဖျက်ဆီးလိုက်တာ ၅ နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။

အရာရာ နိမ့်ပါးခဲ့ရတဲ့ နိုင်ငံကို အရပ်သားအစိုးရက ရှိသမျှခွန်အားနဲ့ ခက်ခက်ခဲခဲ အားထုတ် ထမ်းပိုး​ပြီး သာယာ၊ တိုးတက်မှု​တွေဆီ ဖြောင့်ဖြောင့်တန်းတန်း အ​ရောက်သွားနိုင်မယ့် ခရီးလမ်းပေါ် တွန်းတင်လိုက်နိုင်​​ပေမဲ့ မနာလိုမရှုဆိတ်ထားတဲ့ စစ်အုပ်စုက ခရီးထွင်သွားမှာ လိုလားမှု ရှိမနေခဲ့ပါဘူး။

ဒါ့ကြောင့်လည်း သာယာပြည့်စုံမှုတွေနဲ့ စောင့်ကြိုနေတဲ့ ပန်းတိုင်ဆီ ခရီးနှင်ဖို့ အရှိန်တင်စအချိန်မှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှုင်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို အရှက်တရားမဲ့ ကျူးလွန်လိုက်ပြီး ဖြစ်ပေါ်ပြောင်းလဲလာမဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို စစ်ဖိနပ်နဲ့ နင်းချေလိုက်ပါတယ်။

စစ်ခေါင်းဆောင် အစဥ်အဆက်ရဲ့ အာဏာရူးသွပ်တဲ့ လုပ်ရပ်ကြောင့် ဒုက္ခ၊ ဆင်းရဲဒဏ်တွေ၊ အရာရာနိမ့်ပါး၊ နောက်ကျကျန်ခဲ့ရပြီး ကိုယ့်အနာဂတ် ကိုယ်ပုံဖော်နိုင်ဖို့တောင် မလွယ်တဲ့ အခြေအနေတွေကို ခါးစည်းခံထားရဖူးတဲ့ ပြည်သူတွေအဖို့ ဒီမိုကရေစီရဲ့ အရသာကို ခဏတာ မြည်းစမ်းခွင့်ရပြီး တကြော့ပြန် စစ်အာဏာရှင်စနစ်နဲ့ ကြုံရတာ ဖြစ်ပါတယ်။

အရပ်သားအစိုးရရဲ့ စွမ်းဆောင်မှုလုပ်ရပ်တွေ အမြဲတစေ ကန့်လန့်တိုက်ခဲ့ပြီး အရာရာ တတ်သိနားလည် တတ်မြောက်သူလို သွေးနားထင်ရောက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုအတွက် သူတို့အစွမ်းအစပြခွင့် ရချိန်မှာတော့ အချိန်တိုအတွင်း ဆုတ်ယုတ်၊ ပျက်စီးမှု ဆိုးရွားစွာ ကြုံနေရတဲ့ နိုင်ငံဘဝ ရောက်ခဲ့ရတယ်ဆိုတာ ငြင်းမရတဲ့ အညွှန်းကိန်းတွေက သက်သေခံနေပါတယ်။

အာရှမှာ ဒုတိယ အဆင်းရဲဆုံးနိုင်ငံ

ကမ္ဘာ့ဘဏ်က ဒီနှစ်ထဲ ထုတ်ပြန်ထားတဲ့ အာရှတိုက်ရဲ့ အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ စွမ်းရည်ကြောင့် မြန်မာနိုင်ငံက ဒုတိယချိတ်ခဲ့ပါတယ်။

ယီမင်နိုင်ငံပြီးရင် မြန်မာက တဦးချင်း GDP ဒေါ်လာ ၁,၂၀၀ နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပြီး နိုင်ငံရေးပြဿနာနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် စိန်ခေါ်မှုကြီးစွာ ရှိနေတဲ့ နိုင်ငံတခု ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စစ်တပ်အာဏာမသိမ်းခင်နဲ့ ကိုဗစ်ကပ်ရောဂါကာလ မတိုင်ခင် ၂၀၁၇ ကနေ ၂၀၁၉ အထိ နှစ်စဥ် စီးပွားတိုးတက်မှုနှုန်း ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အလားအလာကောင်းတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က အသိအမှတ်ပြုခဲ့ပါတယ်။

၂၀၂၁ မှာ အာဏာသိမ်းလိုက်ပြီးနောက်မှာ စီးပွားတိုးတက်မှုနှုန်းက ၁၈ ရာခိုင်နှုန်းအထိ တရှိန်ထိုး ကျဆင်းသွားခဲ့ပြီး ပြန်လည်ဦးမော့နိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့လည်း မှတ်ချက်ပြုထားပါတယ်။

ပျော်ရွှင်မှုနည်းသောနိုင်ငံ

ကုလသမဂ္ဂက ၂၀၂၄ မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အပျော်ရွှင်ရဆုံးနိုင်ငံ စစ်တမ်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံက ပျော်ရွှင်မှုနည်းတဲ့ အဆင့်အနေအထားမှာ ရှိနေတာ တွေ့ရပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၄၃ နိုင်ငံရဲ့ အပျော်ရွှင်ရဆုံး အဆင့်သတ်မှတ်ချက်မှာ မြန်မာက အဆင့် ၁၁၈ ရှိတာ ဖြစ်ပါတယ်။

လူမှု စီးပွား အဆင်မပြေမှုတွေနဲ့ နိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အရာရာ ဆုတ်ယုတ်နေခဲ့လို့ မြန်မာနိုင်ငံမှာ ပျော်ရွှင်မှု မရှိသလောက် ဖြစ်ရတာလို့ အဲဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။

အန္တရာယ်အရှိဆုံး ထိပ်တန်းစာရင်းဝင်နေတဲ့ ရန်ကုန်မြို့

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့အနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံးမြို့ စာရင်းမှာ တတိယနေရာ ရပ်တည်နေပါတယ်။

Forbes မဂ္ဂဇင်း နိုင်ငံတကာက မြို့ပေါင်း ၆၀ ကို တိုင်းတာတွက်ချက်မှုတွေနဲ့ နှိုင်းယှဥ်ပြီး ဖော်ပြရာမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့က ထိပ်တန်းစာရင်းထဲ ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့အထက်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကရာကတ်စ်နဲ့ ပါကစ္စတန်ရဲ့မြို့တော် ကရာချိတို့က ပထမနဲ့ ဒုတိယနေရာမှာ ​ရှိနေပါတယ်။

၂၀၁၇ မှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာတော့ မြန်မာနိုင်ငံက လည်ပတ်ဖို့အကောင်းဆုံး နိုင်ငံအဆင့် ၁၆ မှာ ရှိခဲ့ပါတယ်။

လူ ၃ ဦးမှာ ၁ ဦး ဝဝလင်လင် မစားနိုင်တော့တဲ့ နိုင်ငံ

မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆ ဒသမ ၇ သန်းမှာ ဝမ်းရေးမဖူလုံတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ် (WFP) က စက်တင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။

ဒီတွေ့ရှိချက်အရ မြန်မာနိုင်ငံသား ၃ ယောက်မှာ ၁ ယောက်နှုန်း ဝမ်းရေးမဖူလုံတဲ့ အခြေအနေ ရင်ဆိုင်နေရတာဖြစ်ပြီး အရင်နှစ်တွေထက် သိသိသာသာ တိုးမြှင့်လာတာလို့ WFP က အသိပေးထားပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှုနဲ့ စားနပ်ရိက္ခာ ဖူလုံမှုမရှိတဲ့ အမြင့်မားဆုံး နိုင်ငံတွေထဲမှာ အဆင့် ၅ နေရာမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

လူငယ် ၄ သန်းနီးပါး အလုပ်လက်မဲ့ဖြစ်နေ

မြန်မာနိုင်ငံတဝန်းက လူငယ် ၄ သန်းနီးပါးလောက်ဟာ အလုပ်လက်မဲ့ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဥ် (UNDP) က အခုနှစ် အောက်တိုဘာလမှာ ထုတ်ပြန်ထားပါတယ်။

ဒါက လူငယ် ၄ ယောက်မှာ ၁ ယောက်နှုန်း အလုပ်လက်မဲ့နဲ့ ရှင်သန်နေရတာဖြစ်ပြီး ပဋိပက္ခဖြစ်နေတဲ့ ကယားပြည်နယ်က လူငယ်တဝက်ကျော်နဲ့ ရခိုင်ပြည်နယ်က လူငယ်တဝက်နီးပါးမှာ အလုပ်လက်မဲ့ဖြစ်ရတဲ့ စိန်ခေါ်မှု ကြီးမားစွာ ကြုံနေရတာလို့ ဆိုပါတယ်။

လူငယ်တွေနဲ့ ဆက်စပ်ပြီး UNDP ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံက ၂ သန်းခွဲနီးပါးရှိတဲ့ လူငယ်တွေမှာ လုံခြုံရေးအတွက် အမြဲတမ်း ကြောက်ရွံ့နေကြရပြီး လူငယ် ၆ သန်းကျော်အနေနဲ့ ညအချိန်မှာ လုံခြုံမှုမရှိဘူးဆိုတဲ့ စိတ်ခံစားချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ၊ အဓမ္မ စစ်မှုထမ်းခိုင်းတာတွေ၊ အလုပ်အကိုင် မရေရာမှုတွေနဲ့ အနာဂတ် အခြေအနေ မှန်းဆမရနိုင်တဲ့ အနေအထား​တွေကြောင့်လို့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်နဲ့ UNDP အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီဝစ်ဂနာ ရာဂျာက မှတ်ချက်ပြုပါတယ်။

“မြန်မာလူငယ်တွေဟာ မမြင်နိုင်တဲ့ ဒဏ်ရာတွေကို ထမ်းပိုးထားကြရတယ်” လို့ သူက ပြောပါတယ်။

ရာဇဝတ်မှု အများဆုံးကျူးလွန်တဲ့နိုင်ငံ သတ်မှတ်ခံခဲ့ရ

မြန်မာနိုင်ငံအနေနဲ့ ရာဇဝတ်မှု အများဆုံးကျူးလွန်တဲ့ နိုင်ငံတွေထဲမှာ နာမည်ကြီး ကိုလံဘီယာ၊ မက္ကဆီကိုတို့ကို ကျော်ပြီး နံပါတ် ၁ အဖြစ် ရပ်တည်ခဲ့တယ်လို့ Global Organized Crime Index က ထုတ်ပြန်ထားပါတယ်။

Global Organized Crime Index က ၂၀၂၃ မှာ ထုတ်ပြန်ခဲ့တဲ့ ရာဇဝတ်မှု ထူပြောတဲ့ နိုင်ငံ ၂၅ ခုရဲ့ စာရင်းထဲ မြန်မာက ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲက ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့က အဆင့် ၂၀ နဲ့ ၂၁၊ ဖိလစ်ပိုင်က ၂၅ ဆင့်ရှိတာ တွေ့ရပါတယ်။

Global Organized Crime Index က ၂၀၂၁ မှာလည်း တကြိမ်ထုတ်ပြန်ခဲ့ဖူးပြီး အဲဒီတုန်းက မြန်မာက တတိယနေရာမှာ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှု ပျက်သုဉ်းသွားတဲ့ အနေအထား ရောက်ခဲ့ရပြီး စားဝတ်နေရေး ကျပ်တည်းတာတွေကြောင့် ဒုစရိုက်မှု ကျူးလွန်ပြီး ဖြေရှင်းဖို့ အားကောင်းစေတယ်လို့ ရှုမြင်သုံးသပ်တာတွေ ရှိပါတယ်။

အထူးသဖြင့် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက်တွေကို ထောင်ကနေ အလုံးအရင်းနဲ့ လွှတ်ပေးတာ၊ နယ်ခံလူမိုက်တွေကို မြှောက်စားထားတာတွေဟာ ရာဇဝတ်မှု တိုးများစေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။

အထက်ပါအချက်အလက်တွေက အာဏာသိမ်းကာလမှာ မြန်မာနိုင်ငံရဲ့ အနေအထားက ဘယ်လောက်အထိ ဆိုးရွား၊ ဖြစ်ပျက်နေတယ်ဆိုတာ မြင်သာစေတဲ့ ထုတ်ပြန်တွေ့ရှိချက် များစွာထဲက တချို့တဝက် ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းခံထားရချိန်မှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ တွေ့ရှိချက်တွေ၊ အညွှန်းကိန်းတွေက ကောင်းမွန်တဲ့ အကြောင်းအရာ ရှားပါတယ်။

အာဏာရှင်စစ်အုပ်စုက တိုင်းပြည်ကောင်းစားဖို့ ရှိနေတဲ့ လမ်းကြောင်းကို ဖျက်စီးလိုက်ရုံတင် မကဘဲ အလုံးစုံပျက်စီးမှုတွေနဲ့ နာလန်မထူနိုင်တဲ့ နိုင်ငံတခုဖြစ်အောင် ပြုမူနေတယ်ဆိုတာ ရလာဒ်တွေက သက်သေခံနေပါတယ်။

အာဏာရူး စစ်ခေါင်းဆောင် အစဥ်အဆက်ဟာ ကိုယ်တိုင်က တိုးတက်ဖြစ်ထွန်းအောင် လုပ်နိုင်စွမ်းမရှိဘဲ ကျေးဇူးရှင်သဖွယ် အရှက်မဲ့စွာ ခံယူတတ်ပါသေးတယ်။

အဲဒီလို အာဏာတည်မြဲဖို့နဲ့ ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေအပေါ် စိတ်စေတနာမရှိတဲ့ စစ်အုပ်စု သက်ဆိုးရှည်နေသမျှ မြန်မာနိုင်ငံ အနေနဲ့လည်း ရုပ်ပျက် ဆင်းပျက် အညွှန်းကိန်း​တွေအောက်က လွတ်နိုင်ဖို့ ရှိမနေပါဘူး။

မင်းမခ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013