DVB Logo
Home
မြန်မာသတင်း
နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထက်မနည်း သေဆုံး
DVB
·
October 22, 2025
နွားထိုးကြီးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထက်မနည်း သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက်က စတင်ပြီး ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်​နေလို့ ပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးကာ သံဃာတော်တွေ အပါအဝင် ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတယောက်က “နွားထိုးကြီးမြို့နယ်ထဲက ပဲချက်ရွာကို ၁၉ ရက်နေ့ မနက် ၆ နာရီလောက်မှာ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတယ်။ ၂၀ ရက်နေ့မှာ ပဲကြီးခင်းရွာနဲ့ ၂၁ ရက်နေ့မှာ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်က သူတို့ စစ်ကြောင်းထိုးနေတဲ့ လမ်းပေါ်က ရွာတွေကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးတွေဖြန့်ပြီး ထပ်ကြဲတာဗျ” လို့ ​ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် ပဲချက်ကျေးရွာက ဒေသခံပြည်သူ ၄ ယောက် သေဆုံးခဲ့သလို ဒဏ်ရာရသူ ၃ ယောက်ထက်မနည်းရှိကာ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားခဲ့ပြီး ပဲကြီးခင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ သံဃာတော်တပါး အပါအဝင် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးနေသူတယောက်က “ပဲချက်ရွာထဲကို တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ မိတ္ထီလာ လမသ ဘက်က တက်လာတဲ့ စက်တပ်လေထီး ၃ စီးနဲ့ ဗုံးကြဲသွားတဲ့ဖြစ်စဥ်မှာ အသက် ၅၂ အရွယ် ဒေါ်ခင်သန်းနု၊ အသက် ၅၃ ကိုကျော်နိုင်နဲ့ အသက် ၅၆ နှစ်အရွယ် ကိုခင်မောင်ဝင်းတို့ ၃ ယောက်ကတော့ နေရာမှာတင် ဆုံးသွားပါတယ်။ ဒဏ်ရာရတဲ့သူ ၄ ​ယောက်ထဲက အသက် ၉၂ အရွယ် ဒေါ်ခင်တင့် ကတော့ ဆေးရုံရောက်မှ ဆုံးသွားပါတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့သူ ၃ ယောက်ရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။ အခု သေဆုံးသွားတဲ့သူတွေနဲ့ ဒဏ်ရာရတဲ့သူတွေရဲ့ အိမ်တွေပေါ်ကို ဗုံးတွေအတည့်ကျလို့ သူတို့တွေရဲ့ အိမ်တွေလည်း ပျက်စီးကုန်ပါတယ်” လို့ DVB ကို ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်က ပဲကြီးခင်းကျေးရွာအနီး တောရဘုန်းကြီးကျောင်း ဗုံးကြဲခံရတဲ့ အခါမှာတော့ အဆိုပါဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် အပါအဝင် ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဒေသခံက  ဆက်ပြောပါတယ်။

စစ်တပ်ဟာ သူတို့ စစ်ကြောင်းထိုးနေတဲ့ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်က ကျေးရွာတွေကို အောက်တိုဘာ ၂၁ ရက် ညပိုင်းအထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်ထိခိုက် အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေကြသလို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစလို့ နွားထိုးကြီးမြို့နယ်ထဲကို စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းတွေ ဆက်တိုက် ဝင်ရောက်နေတာကြောင့် သောင်းချီတဲ့ အရပ်သားတွေဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013